ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ မြို့နယ်များ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ မိုး အဆက်မပြတ်
ရွာသွန်းနေခြင်းကြောင့် နေအိမ်များပျက်စီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ဖြစ်ပွားကာ ဒေသခံပြည်သူများ
စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေကြောင်း ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက
မေ ၂၆ ရက်တွင် ပြောသည်။
"မိုးအဆက်မပြတ်ရွာလို့ လုံးဝပျက်စီးသွားတာက ၁၁၄ အိမ်၊ လမ်းတံတားတွေ ကျိုးပျက်ပြီး
လမ်းပန်း ဆက်သွယ်ရေး ပိတ်မိနေတာ ၄၀၉ အိမ်၊ စုစုပေါင်းလူဦးရေ ၂,၅၀၀ ကျော်ဟာ
လာမယ့်ဇွန်လကုန်ရင် ရိက္ခာပြတ်မယ့် အခြေအနေရှိနေပါတယ်"ဟု ချီဖွေမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဇုံးတိန့်က ပြောသည်။
အဆိုပါပြည်သူများအတွက် တပ်မတော် ရဟတ်ယာဉ်ဖြင့်ရိက္ခာများ ပေးပို့ထားသော်လည်း
ဇွန်လကုန်အထိသာ လုံလောက်ပြီး ယင်းအချိန်ကျော်လွန်လျှင် ရိက္ခာပြတ်လပ်သွားမည်ဟု ဆိုသည်။
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ၎င်းတို့က တောင်ယာ စိုက်ခင်းများလည်း စိုက်ပျိုးနိုင်ခြင်း
မရှိသဖြင့် လာမည့်နှစ်အတွက် ရိက္ခာပ့ံပိုးပေးရမည့် အခြေအနေဖြစ်နေသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ခေါင်လံဖူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအာမိုးဆီက ၎င်း၏ မြို့နယ်၌ နေထိုင်သူ
၃,၆၀၀ ကျော်တွင် စားနပ်ရိက္ခာ အခက်အခဲရှိနေကြောင်းပြောသည်။
"ခုထိတောင်ယာတွေလည်း မစိုက်ရဘူး၊ စိုက်ပြီးသားတွေလည်း ပျက်ကုန်ပြီ။ လက်ရှိမှာဆိုရင်
သစ်ဥသစ်ဖုတွေ၊ မျှစ်တွေ ချိုးပြီးမှ စားနေရတဲ့အခြေအနေ ရောက်နေပါတယ်"ဟု ၎င်းက ဆိုသည်။
ဒေသအတွင်း ကားလမ်းများပျက်စီးနေသောကြောင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် ရိက္ခာများ
ပေးပို့နေရပြီး ထိုနေရာမှတစ်ဆင့် ၎င်းတို့ အိမ်အရောက်သယ်ယူရာတွင် ကြန့်ကြာမှုများ
ကြုံတွေ့နေရသည်။
"ပြည်သူတွေက ရိက္ခာတွေထမ်းသယ်နေရတယ်၊ ထမ်းသယ်နေရတော့ ထမ်းလာတဲ့ ရိက္ခာတွေ
တစ်ဝက်လောက်ကုန်မှပဲ သူတို့ အိမ်ပြန်ရောက်ရှိတယ်။ အနည်းဆုံး ၁၀ ရက်၊ ၁၅ ရက်လောက်
လမ်းလျှောက်ရတဲ့အတွက် လမ်းမှာတင် ကုန်သွားတာများတယ်"ဟု ဆွမ်ပရာဘွမ်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင်းက ပြောသည်။
ရိက္ခာများထောက်ပ့ံပေးထားပြီး ပူတာအိုမြို့၌ ပုံထားကြောင်းပြောသည်။
ထို့ပြင်တပ်မတော်ပိုင် ရဟတ်ယာဉ်ဖြင့်လည်း ပို့ဆောင်လျက်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး
နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုပါ
ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြန်လည်ဖြေရှင်းခဲ့သည်။
"ပစ္စည်းတွေက ဟိုမှာပုံထားပြီးပြီပေါ့။ ဆိုတော့ အဲဒီတွေရောက်ရှိရေးကို ကျွန်တော်တို့
ပြန်စဉ်းစားရမယ်။ ကိုယ်စားလှယ်တစ်ယောက်က တင်ပြသွားတာ ဘာလဲဆိုတော့ ငွေရသွားရင်
တရုတ်ဘက်ကနေ သူတို့ ၀ယ်လို့ရတယ်တဲ့။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း
ညှိနှိုင်းဆောင်ရွက်သွားမှာပါ"ဟု ၀န်ကြီးက သတင်းထောက်များကို ပြောကြားသွားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းခိုင်ကလည်း အဆိုပါရိက္ခာ ခက်ခဲနေသည့်
ဒေသများသို့ မော်တော်ယာဉ်အစင်းရေ ၁,၀၀၀ ကျော်ဖြင့်ရိက္ခာပေးပို့ရန် စီစဉ်နေသည်ဟု ဆိုသည်။
သို့သော်လည်း မြစ်ကြီးနားဆွမ်ပရာဘိုလမ်းပိုင်းသည် ယာဉ်တစ်စီးရောက်ရှိရန်အတွက် အနည်းဆုံး
သုံးပတ်ခန့်ကြာသည်ဟု ဆိုသည်။
















