စစ်ကိုင်းအလုပ်သမားအရေးကိစ္စနှင့် ပတ်သက်ပြီး အလုပ်မလုပ်သည့် ကိုယ်စားလှယ် ငါးဦး
သတိပေးစာပေးပို့ သွားမည်ဟု ဖမ်းဆီးခံဆန္ဒပြ အလုပ်သမားဘက်မှ တရားလွှတ်တော်ရှေ့နေ
ဦးအောင်သူရိန်ထွန်းက ဇွန် ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါနေ့က လမ်းလျှောက်ဆန္ဒပြမှုကြောင့် ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့်
စစ်ကိုင်းသစ်အချောထည်စက်ရုံမှ အလုပ်သမား ခုနစ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ
အဖွဲ့မှ ငါးဦးနှင့် ဝန်းရံသူ သုံးဦး၊ စုစုပေါင်း ၁၅ ဦးအား နေပြည်တော်၊ တပ်ကုန်းမြို့နယ်တရားရုံးတွင်
စတင်ရုံးထုတ်စစ်ဆေးအပြီး ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်
တွေက အလုပ်မလုပ်သေးတာ မရှိတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့မှာပဲ
ညွှန်ကြားချက်အသစ် ထပ်ပေးတယ်။ အဲဒါက လွှတ်တော်ကိုယ်စားလှယ် ငါးဦးကို သတိပေးစာ
တရားဝင် ပို့ပါမယ်။ တကယ်လို့များ သူတို့ဘက်က အကြောင်းအရာတစ် စုံတစ်ရာမလာဘူး
ဆိုရင်တော့ သူတို့ကို တရားစွဲဖို့အတွက် ကျွန်တော်တို့ပြင်ဆင်မယ်" ဟု ဦးအောင်သူရိန်ထွန်းက
ပြောသည်။
သတိပေးစာကို ရက်ပိုင်းအတွင်း ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦး၏ အမည်ကိုမူ
လောလောဆယ်တွင် မပြောနိုင်သေးဟုလည်း ၎င်းက ဆိုသည်။
"အလုပ်သမားတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းဖို့ကိစ္စ။ နောက်တစ်ခုက
စုံးစမ်းစစ် ဆေးဖို့ကိစ္စတွေပါမယ်" ဟု သတိပေးစာတွင် ထည့်သွင်းရေးသားမည့်
အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။
မေလ ၁၈ ရက်က နေပြည်တော်သို့ လမ်းလျှောက်ဆန္ဒပြမှုကြောင့် စစ်ကိုင်းသစ်အချောထည်စက်ရုံမှ
အလုပ်သမား ရ၁ ဦးကို နေပြည်တော်တိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး၊ မေလ ၁၉ရက်နေ့တွင် ၂၀ ဦးကို
လွှတ်ပေးခဲ့ကာ မေလ ၃၁ ရက်နေ့တွင်မူ ၃၆ ဦးအား ထပ်မံပြန်လည် လွှတ်ပေးခဲ့သည်။
"ဒီကိစ္စမှာ ပြည်ထဲရေးက ဝင်စွက်ဖက်တာ ကျွန်တော်တို့ လက်မခံပါဘူး။ အင်န်အယ်လ်ဒီအစိုးရ
အနေနဲ့ အခုလို မတရားဖမ်းဆီးခံရတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲဆိုတာ ကျွန်တော်တို့
စောင့်ကြည့်မယ်" ဟု ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့်
အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်က ဇွန်လ ၁ ရက်နေ့ က ရုံးထုတ်စစ်ဆေးအပြီး
သတင်းထောက်အချို့ကို ပြောသည်။
ရုံးထုတ်စစ်ဆေးခံရသည့် တပ်ကုန်းမြို့နယ်တရားရုံးသို့ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊
တောင်ငူနှင့် ရန်ကုန်တို့ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအသမဂ္ဂအဖွဲ့မှ ဝန်းရံသူ ၄၀ ဦးခန့်နှင့်
မေလ ၃၁ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည့် အလုပ်သမား ၃၆ ဦးအနက် ဦးရေ တစ်ဝက်ခန့်
ပြန်လည်လာရောက်အားပေးခဲ့ကြသည်။
တရားရုံးသို့ အချုပ်ကားဖြင့် ဖမ်းဆီးခံအလုပ်သမားများ ရောက်ရှိလာစဉ် အထက်ပါဝန်းရံ
အားပေးသူများက ပြန်လွှတ်ပေးရေး ကြွေးကြော်စာများကို ကိုင်ဆောင်ခြင်းဖြင့်လည်းကောင်း၊
ဗကသအဖွဲ့ အမှတ်တံဆိပ်ပါ အလံနှင့် အလုပ်သမားသမဂ္ဂအလံများကို ကိုင်ဆောင်ခြင်းဖြင့်
လည်းကောင်း တရားရုံးဝန်းအတွင်း ဟစ်ကြွေးခဲ့ကြသည်။
ယခုလွှတ်ပေးထားသည့် အလုပ်သမားစုစုပေါင်း ၄၆ ဦးကို နိုင်ငံတော်၏ အာမခံကြေး ငါးသိန်းဖြင့်
ပြန်လည်လွှတ်ပေး လိုက်ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူ အလုပ်သမား
ကိုအောင်အောင်ဟိန်းက ပြောသည်။
"ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းပြီး ဘာမှမပြောပဲ လွှတ်ပေးလိုက်တာ၊ နိုင်ငံတော်ရဲ့ အာမခံငွေ
ငါးသိန်းဆိုပြီး လက်မှတ်ထိုးရတဲ့ စာရွက်မှာ တွေ့ရတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ၎င်းတို့ကို ယမန်ထပ်ယူထားပြီး ဇွန်လ ၁၅ရက်နေ့တွင် ဒုတိယအကြိမ်
ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။
"အဲဒီနေ့ကျရင်တော့ အမှုတပ်ပြီး စွဲချက်တင်တော့မယ် ထင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ
ဦးအောင်သူရိန်ထွန်းက ပြောသည်။

















