လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်းများအသင်းချုပ် ရန်ပုံငွေ
ယူရို ၈၆ သန်း ပျောက်ဆုံးမှုကြောင့် အသင်း၏ အလုပ်အမှုဆောင်အဖွဲ့က တိုင်ကြားသည့်ကိစ္စနှင့်
ပတ်သက််ပြီး နိုင်ငံရေးအကြောင်းခံ ရှိ၊ မရှိကို စဉ်းစားရမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
၀န်ကြီးဟောင်း ဦးရဲထွဋ်က ဇွန်လ ၂ ရက်နေ့တွင် သုံးသပ်ပြောကြားလိုက်သည်။
အဆိုပါကိစ္စအတွက် အလုပ်အမှုဆောင်၏ တိုင်ကြားသည့်ပုံစံသည် အုပ်ချုပ်မှုအာဏာအရ
လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကိုလည်းကောင်း၊ လွှတ်တော်တွင်ဖွဲ့စည်းထားသည့်
သတ္တုနှင့် သယံဇာတကော် မတီကိုလည်းကောင်း၊ တိုင်ကြားစာနှင့် အသနားခံစာကော်မတီကို
လည်းကောင်း စသည်တို့ကို မတိုင်ကြားဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
ထုတ်ပယ်ခံရသည့် ပါတီဝင်ဟောင်း အများစုပါ၀င်နေသည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တိုင်ကြားခြင်းသည် နိုင်ငံရေးနှင့်
ဆက်စပ်မှုရှိနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲအပြီး ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးရဲထွဋ်သည် သတင်းစာရှင်းလင်းပွဲသို့ တစ်သီးပုဂ္ဂလအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး
သမ္မတဟောင်းဦး သိန်းစိန်၏ မဟုတ်မမှန်သတင်းများကို လုပ်ဖော်ကိုင်ဖက် တစ်ဦးအနေဖြင့်
မီဒီယာများအား ရှင်းပြလိုသည့် အတွက်လည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မကြာမီက နေပြည်တော်ရှိ သမ္မတလယ်တောဟု နာမည်ကြီးနေသည့် လယ်တောအတွင်း
ဖွင့်လှစ်ခဲ့သည့် ရွှေလယ်တောကော်ဖီဆိုင်သည် သမ္မတဟောင်း ဦးသိန်းစိန် ဖွင့်လှစ်ထားခြင်း
ဟုတ်၊ မဟုတ် မသိကြောင်း၊ သို့သော်လည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သည့်
အတွက်ကြောင့် တပ်မတော်၏ အငြိမ်းစားလစာနှင့် ခံစားခွင့်များ ရရှိထားသည့်အပြင်
သမ္မတဖြစ်ခဲ့သည့်အတွက်ကြောင့်လည်း သမ္မတ၏ အဆောင်အယောင်ဥပဒေအရ ပိုင်ဆိုင်ခွင့်များ
ရှိကြောင်းနှင့် ဖွင့်ခဲ့သည်ဟု မှန်ကန်ပါကလည်း ထိုဝင်ငွေများဖြင့် ဖွင့်လှစ်သည်မှာ
မထူးဆန်းကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော် တကယ်အာမခံနိုင်ပါတယ်၊ သမ္မတဟောင်း ဦးသိန်းစိန် တပ်မတော်မှာ
တိုင်းမှူးတာဝန်ထမ်းဆောင်နေတဲ့အချိန်၊ အတွင်းရေးမှူး(၁) တာဝန်ထမ်းဆောင်တဲ့အချိန်၊ ၀န်ကြီးချုပ်
တာဝန်ထမ်းဆောင်တဲ့ အချိန်၊ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်တဲ့အချိန်မှာ သမ္မတကြီးရဲ့
သမီး သုံးယောက်ရှိတယ်၊ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ သမီး သုံးယောက်က ကုမ္ပဏီတွေ
ထောင်ပြီးတော့များ ဘာစီးပွားရေးတွေ လုပ်ခဲ့တာရှိလဲ၊ ဘာနိုင်ငံတော်ရဲ့ လုပ်ငန်းတွေ၊
ကန်ထရိုက်တွေကို ပေါချောင်ကောင်းနဲ့ ယူခဲ့တာရှိသလဲ၊ နိုင်ငံတော်ရဲ့ မြေတွေကို လွှဲပြောင်းရယူ
အသုံးပြုခဲ့တာလည်း မရှိဘူး၊ အဲဒီလိုအခြေအနေမှာ ဒီကော်ဖီဆိုင်ကို ဖွင့်ဖြစ်တယ်ဆိုရင်တောင်
ကြီးမားတဲ့ ပြဿနာမရှိဘူး၊ ဒါတွေဟာ အများကြီးစဉ်းစားစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု
ဦးရဲထွဋ်က ပြောသည်။
ယူရို ၈၆ သန်းစာရင်းပျောက်ဆုံးနေမှုအပေါ် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ
အသင်းချုပ်က ဗဟိုကော်မတီများ၏ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ပွင့်လင်းမြင်သာမှု
အားနည်းနေပြီး နားလည်မှုများ လွဲနေသည်ဟုလည်း ၎င်းက သုံးသပ်ပြောကြားသည်။
“ငွေပမာဏများတဲ့ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ကျွန်တော်မြင်တယ်၊
ဒုတိယ တစ်ချက်ကတော့ ဒီကိစ္စက တကယ်တမ်း ကျွန်တော်ပြန်ကြည့်မယ်ဆ်ိုရင် အဖွဲ့အစည်း
တစ်ခုတည်းမှာပဲ ဖြစ်တဲ့ ပြဿနာ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းထဲမှာပဲ ဖြစ်တဲ့ ပြဿနာ၊
ဒီကိစ္စမှာ တိုင်တဲ့သူတွေက အဲဒီအသင်းရဲ့ အမှုဆောင်တွေ အများကြီးပါတယ်၊ တကယ်တမ်း
ဖြစ်သင့်တာကတော့ ကိုယ့်အသင်းရဲ့ အမှုဆောင်အစည်းအဝေးတွေ၊ သင်းလုံးကျွတ်
အစည်းအဝေးတွေမှာ ဒီကိစ္စတွေကို အရင်တင်သင့်တယ်၊ အဲဒီအခါကျရင် စာရင်းရှင်းခိုင်း
မရှင်းတဲ့ အချိန်ကျရင်တော့ တိုင်သင့်တဲ့အခါကျရင် တိုင်ရမှာပေါ့” ဟု ဦးရဲထွဋ်က ပြောသည်။
















