ကမ္ဘာကြီး၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များတရားမဝင်
ကုန်သွယ်မှုများကို ထိရောက်စွာ အရေးယူရမည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ဇွန်လ
၅ရက်နေ့က ပြောကြားလိုက်သည်။
အဆိုပါ တရားမဝင်ကုန်သွယ်မှုကို သတိထားမိစေရန် အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်ဟု
၎င်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်
သည်။
“ တကယ်လုပ်ရမယ်၊ အရေးယူရမယ် ” ဟု ဦးထင်ကျော်က အခမ်းအနားအပြီး
ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အထိမ်းအမှတ်ဓါတ်ပုံမှတ်တမ်းများ ကြည့်ရှုနေစဉ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိ သူများကို မှာကြားခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲများကို ပျောက်ကွယ်စေသည့် သဘာဝအမွေအနစ်များနှင့် မျိုးစိတ်များ
မျိုးသုန်းပျောက်ကွယ်စေနိုင်သော တောရိုင်းနှင့် သဘာဝအပင်များ တရားမဝင်
ကုန်သွယ်မှုနှိမ်နင်းရေးကို အထူးအလေးပေးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက
ဆိုသည်။
“ တောရိုင်းတိရစ္ဆာန်များ တရားမဝင်သတ်ဖြတ်ခြင်းနဲ့ မှောင်ခိုရောင်းဝယ်ခြင်းတွေဟာ
စီးပွားရေးဂေဟစနစ် ကို ယိုယွင်းစေပြီး အုပ်စုဖွဲ့ရာဇဝတ်မှုတွေကို အားပေးကာ အကျင့်ပျက်
ခြစားခြင်းနဲ့ မလုံခြံုမှုတွေကို ကမ္ဘာတစ်ဝန်းမှာ တိုးပွားစေပါတယ်၊ တောရိုင်းတိရစ္ဆာန်နဲ့
သဘာဝအပင်တွေ တရားမဝင်ကုန်သည်မှုရဲ့ သဘာဝပတ်ဝန်းကျင် ၊ စီးပွားရေးနဲ့ လူ့အသိုင်း
အဝိုင်းကို ထိခိုက်စေမှု ယခင်ဆယ်စုနှစ်အထိ ကျွန်တော်တို့ နည်းနည်းပဲ သိခဲ့ပါတယ်၊
ဒီနေ့မှာတော့ တိုးတက်လာတဲ့ နည်းပညာ၊ အသိပညာတွေကြောင့် အခြေအနေကို
သုံးသပ်အကဲဖြတ်စွမ်းရှိလာပါပြီ၊ စိတ်ပူစရာကောင်းတဲ့ အချက်အလက်တွေကြောင့်
ကျွန်တော်တို့ဟာ ခိုင်ခိုင်မာမာဆောင်ရွက်ဖို့လိုနေပြီ ဖြစ်ပါတယ် ” ဟု နိုင်ငံတော်သမ္မတ
ဦးထင်ကျော်က ပြောသည်။
တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုအခြေအနေများနှင့် ပတ်သက်ပြီး
နိုင်ငံတကာလေ့ လာတွေ့ရှိမှုများအရ နှစ်စဉ်နှစ်တိုင်း ကြံ့ကောင်ရေတစ်ထောင်ကျော်နှင့်
အာဖရိကဆင် သုံးသောင်းခွဲကျော် သည် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံရကြောင်း၊ ယခုအခါ
ဂမ်ဘီယာ၊ ဘိုကီနာဖာဆို၊ ဘီနင်နှင့် တိုဂိုနိုင်ငံများ တွင် ချင်ပန်ဇီမျောက်များ မျိုးသုဉ်းပျောက်
ကွယ်သွားပြီဖြစ်ပြီး ၀က်ဝံသုံးထောင်ခန့် နှစ်စဉ်ဆုံးရှုံးနေကြောင်း၊ အာရှနိုင်ငံအချို့၏ စျေးဆိုင်
ခန်းများတွင် ကျားအရေခွံများ၊ ဧရာမပင်လယ်လိပ်ခွံကြီးများကို တွေ့မြင်နေရ ကြောင်း၊ ထိုပုံရိပ်များက
တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုသည် ကမ္ဘာမြေ၏ အဖိုးတန်လှသည့် ဇီဝမျိုးစုံမျိုးကွဲများ
လျော့ပါးခြင်းနှင့် မျိုးသုဉ်းခြင်းအခြေအနေရောက်ရှိနေသည်ကို သတိပေးနေကြောင်း ၎င်းက
ပြောကြားသည်။
“ အာရှမှောင်ခိုစျေးကွက်မှာ ဆင်စွယ်တစ်ကီလိုဟာ ဒေါ်လာနှစ်ရာ့ နှစ်ဆယ်လောက်ပေါက်ပြီးတော့
ကြံ့ချို တစ်ကီလိုကို ဒေါ်လာခြောက်သောင်းလောက်ပေါက်နေတော့ ရွှေတို့၊ ပလက်တီနမ်တို့ထက်
အများကြီး ပိုစျေး ကြီးပါတယ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေတရားမဝင်ကူးသန်းရောင်ဝယ်နေ
မှုအတွက် တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ တစ်နှစ်ကို
အမေရိကန်ဒေါ်လာ နှစ်ဆယ်ဘီလီယံရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုစတဲ့
လုပ်ငန်းတွေပြီးရင် ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံးတရားကုန်သွယ်မှုလုပ်ငန်းဖြစ်နေပါ
တယ် ” ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်။

















