တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ အရေးယူမည်

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ အရေးယူမည်

ကမ္ဘာကြီး၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်
ကုန်သွယ်မှုကို ထိရောက်စွာ အရေးယူရမည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ကမ္ဘာ့ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဇွန် ၅ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တရားမဝင်ကုန်သွယ်မှုကို သတိထားမိစေရန် အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်ဟု
၄င်းက ဆိုသည်။

''တောရိုင်းတိရစ္ဆာန်များ တရားမဝင်သတ်ဖြတ်ခြင်းနဲ့ မှောင်ခိုရောင်းဝယ်ခြင်းတွေဟာ စီးပွားရေး
ဂေဟစနစ်ကို ယိုယွင်းစေပြီး အုပ်စုဖွဲ့ရာဇဝတ်မှုတွေကို အားပေးကာ အကျင့်ပျက်ခြစားခြင်းနဲ့
မလုံခြံုမှုတွေကို ကမ္ဘာတစ်ဝန်းမှာ တိုးပွားစေပါတယ်။ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနဲ့
လူ့အသိုင်းအဝိုင်းကို တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝအပင်တွေ တရားမဝင် ကုန်သွယ်မှုရဲ့ ထိခိုက်စေမှု
ယခင်ဆယ်စုနှစ်အထိ ကျွန်တော်တို့ နည်းနည်းပဲ သိခဲ့ပါတယ်၊ ဒီနေ့မှာတော့ တိုးတက်လာတဲ့ နည်းပညာ၊
အသိပညာတွေကြောင့် အခြေအနေကို သုံးသပ်အကဲဖြတ်စွမ်းရှိလာပါပြီ၊ စိတ်ပူစရာကောင်းတဲ့
အချက်အလက်တွေကြောင့် ကျွန်တော်တို့ဟာ ခိုင်ခိုင်မာမာဆောင်ရွက်ဖို့ လိုနေပြီ ဖြစ်ပါတယ်''ဟု
နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောကြားသည်။

ဇီဝမျိုးစုံမျိုးကွဲများကို ပျောက်ကွယ်စေသည့် သဘာဝအမွေအနှစ်များနှင့် ဖျက်ဆီးပြီးမျိုးစိတ်များ မျိုးပြုန်း
ပျောက်ကွယ်စေနိုင်သောတောရိုင်းနှင့် သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုနှိမ်နင်းရေးကို
အထူးအလေးပေးနေခြင်း ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုအခြေအနေများနှင့် ပတ်သက်ပြီး
နိုင်ငံတကာလေ့လာတွေ့ရှိမှုများအရ နှစ်စဉ်နှစ်တိုင်း ကြံ့ကောင်ရေတစ်ထောင်ကျော်နှင့် အာဖရိကဆင်
သုံးသောင်းခွဲကျော်သည် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံရကြောင်း၊ ယခုအခါ ဂမ်ဘီယာ၊ ဘာကီနာဖာဆို၊
ဘီနင်နှင့်တိုဂိုနိုင်ငံများတွင် ချင်ပန်ဇီမျောက်များမျိုးပြုန်းပျောက်ကွယ်သွားပြီဖြစ်ပြီး ဝက်ဝံသုံးထောင်ခန့်
နှစ်စဉ်ဆုံးရှုံးနေကြောင်း၊ အာရှနိုင်ငံအချို့၏ စျေးဆိုင်ခန်းများတွင်ကျားအရေခွံများ၊
ဧရာမပင်လယ်လိပ်ခွံကြီးများကို တွေ့မြင်နေရကြောင်း၊ ထိုပုံရိပ်များက တောရိုင်းတိရစ္ဆာန်များ တရားမဝင်
ကုန်သွယ်မှုသည် ကမ္ဘာမြေ၏ အဖိုးတန်လှသည့်ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးခြင်းနှင့် မျိုးပြုန်းခြင်း အခြေအနေ
ရောက်ရှိနေသည်ကို သတိပေးနေကြောင်း ၄င်းက ပြောကြားသည်။

''အာရှမှောင်ခိုစျေးကွက်မှာ ဆင်စွယ်တစ်ကီလိုဟာ ဒေါ်လာနှစ်ရာ့နှစ်ဆယ်လောက်ပေါက်ပြီးတော့
ကြံ့ချို တစ်ကီလိုကို ဒေါ်လာခြောက်သောင်းလောက်ပေါက်နေတော့ ရွှေတို့၊ ပလက်တီနမ်တို့ထက်
အများကြီး ပိုစျေးကြီးပါတယ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေတရားမဝင်ကူးသန်းရောင်ဝယ်နေမှု
အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ တစ်နှစ်ကို
အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုစတဲ့ လုပ်ငန်းတွေပြီးရင်
ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှု လုပ်ငန်းဖြစ်နေပါတယ်''ဟု ဦးထင်ကျော်က
ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး