နေပြည်တော် မထသ ရွေးကောက်ပွဲ ဇွန် ၂၃ တွင် ကျင်းပမည်

နေပြည်တော် မထသ ရွေးကောက်ပွဲ ဇွန် ၂၃ တွင် ကျင်းပမည်

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၏ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ယခုလ၂၃ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း 
အဆိုပါကော်မတီ၏ လက်ရှိဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောကြားသည်။

''ပြီးခဲ့တဲ့ မတ်လကတည်းက ပြုလုပ်ခဲ့ဖို့ပါပဲ၊ အဲဒီတုန်းက နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သူတို့လက်ထက်မှာ လုပ်တာထက် နောက်လူတွေတက်လာတဲ့
အချိန်ရောက်မှလုပ်တာက ပိုသင့်လျော်မယ်ဆိုလို့မလုပ်ဖြစ်ခဲ့တာပါ။ အခုနေပြည်တော်ကောင်စီ
အဖွဲ့သစ်လက်ထက် ဇွန် ၂၃ ရက်မှာလုပ်ပါမယ်''ဟု ၄င်းက ပြောသည်။

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ကို ၂ဝဝ၈ ခုနှစ်က
စတင်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့သည့်၂ဝ၁၂ ခုနှစ်တွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တစ်ကြိမ်ရွေးချယ်
တင်မြှောက်ခဲ့ဖူးသည်။

အဆိုပါကော်မတီသည် နေပြည်တော်အခြေပြုပြေးဆွဲနေသော အဝေးပြေးခရီးသည်တင်ယာဉ်များ၊
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေပြုပြီးနေပြည်တော်သို့ ဝင်ထွက်ပြေးဆွဲနေသော
အဝေးပြေးခရီးသည်တင်ယာဉ်များကို ကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ကော်မတီ၏ ကြီးကြပ်မှု
အောက်တွင် နေပြည်တော်အခြေပြုယာဉ် စုစုပေါင်း ၂၇၇ စီးနှင့် အခြားတိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် အခြေပြုသောယာဉ်စုစုပေါင်း ၁,ဝဝ၁ စီး ရှိကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကေ်မတီ
(မထသ)များကို ပြီးခဲ့သည့် အစိုးရလက်ထက်က အမည်ပြောင်းဖွဲ့စည်းစေခဲ့သော်လည်း
နေပြည်တော်ကောင်စီတွင်မူ လက်ရှိ အတိုင်းပင်ရှိနေသွားမည်ဖြစ်ကြောင်းလည်း
ဆက်လက်ပြောကြားသည်။

''နေပြည်တော်ကောင်စီဥက္ကဋ္ဌရော၊ နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု
ကော်မတီဥက္ကဋ္ဌနဲ့ရော တွေ့ပြီးခဲ့ပါပြီ။ သူတို့ရဲ့အာဘော်အရတော့ ပြောင်းမယ်လို့မပြောပါဘူး၊
ဒီအတိုင်းပဲဆက်ရှိသွားမှာပါ''ဟု ဦးဝင်းဆွေကပြောသည်။

နေပြည်တော် မထသ(အဝေးပြေး)သည်ပြီးခဲ့သည့်အစိုးရလက်ထက်က စာရင်းစစ်အဖွဲ့၏
စစ်ဆေးမှုကို ခံယူခဲ့ဖူးသော အဖွဲ့အစည်းလည်းဖြစ်သည်။ ကော်မတီကို စတင်ဖွဲ့စည်းစဉ်က
ရန်ပုံငွေကျပ်သိန်း ၂ဝ နီးပါးသာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်းငါးထောင်နီးပါအထိ
ရှိလာသည်ဟု သိရသည်။  



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး