နေပြည်တော်စပါးစျေး တင်းတစ်ရာ ကျပ်ရှစ်သိန်းအထိရှိနေ

နေပြည်တော်စပါးစျေး တင်းတစ်ရာ ကျပ်ရှစ်သိန်းအထိရှိနေ

နေပြည်တော်စပါးစျေးကွက်တွင် နွေစပါးကောက်သစ်များ စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း
စျေးနှုန်းဆက်လက်မြင့်တက်နေပြီး ယခုတစ်ပတ်အတွင်း ကောက်ဟောင်းစပါး (မိုးစပါး)
တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းအထိ မြင့်တက်လာသည်ဟု စပါးလှောင်လက်တစ်ဦးဖြစ်သူ
ဦးတင်ဝင်းက ပြောကြားသည်။

''စပါးစျေး၊ ရှစ်သိန်းလောက်အထိဖြစ်နေတယ်။ ပြီးခဲ့တဲ့မေလကတည်းက ခုနစ်သိန်းခွဲကျော်ရှိခဲ့တာ
အခုတဖြည်းဖြည်းတက်လာပြီးတော့ ရှစ်သိန်းအထိ တက်ဝယ်နေတယ်'' ဟု ၄င်းက ပြောသည်။
နေပြည်တော် စပါးစျေးကွက်တွင် တင်းတစ်ရာလျှင်ကျပ်ရှစ်သိန်းနှုန်းအထိ ပေးဝယ်နေသော်လည်း
ကောက်ဟောင်းစပါးသည်လှောင်လက်များ၏ လက်ထဲတွင်သာ အများဆုံးရှိနေသောကြောင့်
တောင်သူများထံမှ အနည်းငယ်သာ ဝယ်ယူရရှိနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင် ဦးနေစိုးက
ပြောသည်။

''ခုဟာက တောင်သူတွေဆီမှာ သိပ်မရှိတော့ဘူး။ တောင်သူကြီးတွေလောက်ပဲ စျေးကောင်းစောင့်ပြီး
ထားနိုင်တာ။ နောက်ပြီး လှောင်လက်တွေဆိုတာကလည်း ဒီထက်စျေးရအောင်စောင့်နေတာဆိုတော့
ဝယ်ချင်တိုင်းတောင် ဝယ်လို့မရဘူး'' ဟု ဦးနေစိုးက ပြောသည်။

စပါးစျေးကွက်တွင် သြဂုတ်လသည် နှစ်စဉ်စျေးအမြင့်ဆုံးကာလဖြစ်သောကြောင့် လှောင်လက်များက
ထိုအချိန်ထိစောင့်ဆိုင်းလေ့ရှိသည်။ လက်ရှိတွင် စပါးစျေးသည် ကျပ်ရှစ်သိန်းအထိ
ရောက်ရှိ နေသော်လည်း လှောင်လက်များအတွက် အကျိုးအမြတ်သိပ်မရှိသေးကြောင်း
ဦးတင်ဝင်းက ဆိုသည်။

''ဦးလေးတို့က ပြီးခဲ့တဲ့မတ်လကတည်းက ဝယ်ပြီးလှောင်ခဲ့တာလေ။ အဲဒီတုန်းကတည်းက
စျေးကမြင့်နေတာ။ အဲဒီတုန်းကဆိုရင်လည်း ခြောက်သိန်းကျော်အထိပေးဝယ်ခဲ့ရတာ။ နောက်ပြီး
တင်းရေ လျော့သွားမှာကလည်း ရှိသေးတယ်ဆိုတော့ အခုလောလောဆယ် ထုတ်ဖို့မရှိသေးဘူး''ဟု
၄င်းကပြောသည်။

လက်ရှိအချိန်တွင် နွေစပါးများလည်း စတင်ထွက်ပေါ်နေပြီး စပါးအမျိုးအစားအလိုက် တင်းတစ်ရာလျှင်
ကျပ်ငါးသိန်းနှင့်အထက် ရှိနေသည်ဟု တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များထံမှ သ်ိရသည်။
ယခင်အစိုးရလက်ထက်တွင် ဦးစားပေးစပါးမျိုးတစ်မျိုးဖြစ်ခဲ့သည့် ပုလဲသွယ်စပါးသည်ပင်လျှင်
တင်းတစ်ရာလျှင် ကျပ်ငါးသိန်းနီးပါးသာ ရှိခဲ့ရာမှ ယခုဇွန်လအတွင်း ကျပ်ငါးသိန်းကျော်လာပြီဖြစ်သည်ဟု
ဦးနေစိုးက ပြောကြားသည်။

လာမည့်ရာသီများတွင်မူ ဆည်ရေသောက် ဧရိယာများတွင် နွေစပါးအစား အခြားတွက်ခြေပိုကိုက်သော
သီးနှံများစိုက်ပျိုးခွင့်ပြုတော့မည်ဖြစ်ရာ နွေစပါးစိုက်ပျိုးမှုသည်လည်း လျော့နည်းသွားရန်ရှိနေသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ပျမ်းမျှ
အားဖြင့် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက နှစ်သန်းခန့်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး