အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေးဆောင်ရွက်နေသူများအနေဖြင့် အဂတိလိုက်စားမှု ကင်းရှင်းရန်
လိုအပ်သည်ဟု မွန်ဂိုလီးယားသမ္မတ မစ္စတာဇတ်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ချ်က
ဇွန်လ ၁၆ရက်နေ့က ပြောကြားလိုက်သည်။
“ တကယ်တော့ အစိုးရဝန်ထမ်းတွေနဲ့ နိုင်ငံရေးသမားတွေဆိုတာ အကျင့်ပျက်ခြစားမှုနဲ့
လုံးဝကင်းရှင်းဖို့လိုပါတယ်၊ ဒီလဒ်စားမှုက ဥပဒေနဲ့ ငြိနေတယ်ဆိုရင် နိုင်ငံရေးနဲ့
ကင်းကင်းရှင်းရှင်းရှိဖို့ လိုပါတယ်၊ အဲဒါက တကယ်တမ်းကျတော့လည်း ကိုယ့်ရဲ့စိတ်နေ
စိတ်ထားပေါ် အများကြီးမူတည်နေပါတယ် ” ဟု ၎င်းက အဆိုပါနေ့က နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာအဆောက်အအုံ(၂)တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ အစိုးရ
၀န်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၀န်ထမ်းတစ်ဦးက မွန်ဂိုလီးယားနိုင်ငံတွင်
အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုသည့် မေးခွန်းအပေါ်
မွန်ဂိုလီးယားသမ္မတက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ အာရှနိုင်ငံတွင် အဂတိလိုက်စားမှု
ဟူသည့် အကျင့်စာရိတ္တမရှိရန် အလွန်အရေးကြီးပြီး မစ္စတာဇတ်ခ်ဟီးလ် ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ချ်
အနေဖြင့် ကိုယ်ကျိုးအတွက် ချမ်းသာရန် မည်သို့မျှမပြုလုပ်ခဲ့ဟုလည်း ဆိုသည်။
“ ကျွန်တော်ဆိုရင် ကျွန်တော့်အတွက် ချမ်းသာအောင်လုပ်တာမဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံပြည်သူ
လူထုအကျိုးကို ကြည့်ပြီးလုပ်တာပါ၊ အာဏာရလို့ရှိရင် အာဏာကို အသုံးပြုပြီး ငွေရအောင်လုပ်မယ်
ဆိုရင် ကောင်းတဲ့ လမ်းမဟုတ်ဘူး၊ ဒါက နိုင်ငံရေးသမားတွေလုပ်ရမယ့် အလုပ်မဟုတ်ဘူး၊
ကျွန်တော့်မိသားစုထဲမှာ လည်း တစ်ယောက်မှ လဘ်စားမှုနဲ့ ဆက်နွယ်တဲ့ လူတွေလည်းမရှိပါဘူး” ဟု
မွန်ဂိုလီးယားသမ္မတက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မကွေးတက္ကသိုလ်မှ လက်ထောက်ကတိက
ဒေါ်စမ်းမို့မို့ သူက မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုလျော့ကျခြင်းထက် ပြည်သူများကို
ဒီမိုကရေစီအကြောင်း နားလည်ရန် ဦးစွာလမ်းပြသင့်သည်ဟု ဆိုသည်။
“အကျင့်ပျက်ချစားမှုလျော့ဖို့ဆိုတာထက် မြန်မာနိုင်ငံရဲ့ ပြည်သူတွေကို ဒီမိုကရေစီဆိုတာ
ဘာလည်းဆိုတာကို သူ့တို့ရဲ့ခေါင်းထဲမှာ ၀င်သွားအောင်လို့၊ အခုကျတော့ လူတွေကဘာလည်း
ဆိုတော့ ဒီမိုကရေစီဆိုတာ ငါလုပ်ချင်တာလုပ်လို့ရပြီ များသောအားဖြင့် အဲလိုမျိုးထင်နေကြတယ်၊
အဲမှာဆိုရင် ဒီမိုကရေစီဆိုတာ ဘယ်လိုဟာလည်းဆိုတာကို အရင်ဆုံးသိအောင်လို့ လုပ်ပေး
သင့်တယ်လို့ထင်တယ်၊ နောက်ပြီးမှ တဆင့် ချင်းသွားလို့ရမယ်ထင်ပါတယ် ” ဟု
၎င်းက တွေ့ဆုံပွဲအပြီး သတင်းထောက်အချို့ကို သုံးသပ် ပြောသည်။
မြန်မာနိုင်ငံအနေအထားအရ ဒီမိုကရေစီပြောင်းလဲမှုသည် အခြားသော နိုင်ငံများထက်
ပိုမိုခက်ခဲလိမ့်မည်ဟု ထင်မြင်ကြောင်း၊ မွန်ဂိုလီးယားသမ္မတပြောကြားသွားခဲ့သည်အတိုင်း
ပွင့်လင်းမြင်သာမှုရှိရန်လည်း လိုအပ် ကြောင်း ဒေါ်စမ်းမို့မို့သူက ဆိုသည်။
“အဓိကကတော့ သူပြောသွားတဲ့ ပွင့်လင်းမြင်သာမှုပေ့ါ၊ ပြည်သူအားလုံးကို ဒီအလုပ်တွေ
လုပ်နေပြီဆိုရင် ဒါတွေ ဘာလုပ်နေတယ်ဆိုတာ ချပြရမယ်၊ ချပြပြီးတော့မှာ ပြည်သူလူထုရဲ့
အသံကို နားထောင်ပြီးတော့မှ လုပ်စရာရှိတာတွေကို ဆက်လုပ်ခြင်းအားဖြင့် ပိုပြီးတော့
အဆင်ပြေချောမွေ့လိမ့်မယ်လို့ထင်ပါတယ်၊ တချို့အရာတွေကျတော့ ပြည်သူလူထု
မသိလိုက်တာတွေ ဟိုအရင်ကရှိခဲ့တယ်၊ အခုကျတော့ အဲလို မဟုတ်ဘဲနဲ့ ဒီဟာက ဒီလိုဆိုပြီးတော့
ပွင့်လင်းမြင်သာမှုရှိအောင် ချပြမှ ပြည်သူလူထုကလည်း ပူးပေါင်းပါ၀င်၊ အခုနက မွန်ဂိုလီးယား
သမ္မတပြောသွားသလိုပေါ့ အကြံဉာဏ်တွေပေး အဲလိုမှပဲ အဆင့်ဆင့် အောင်မြင်မှုက ပိုပြီးတော့
ထိရောက်မယ်လို့ ထင်ပါတယ် ” ၎င်းက ပြောကြားသည်။
မွန်ဂိုလီးယားသမ္မတ မစ္စတာဇတ်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ချ်သည် ၀န်ကြီးဌာန ၂၃ ခုမှ
တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသောဝန်ထမ်းများနှင့် အချိန်တစ်နာရီခန့်ကြာ
၎င်းနိုင်ငံ၏ ဖွံ့ဖြိုးမှုအကြောင်းကို ဟောပြောခဲ့သည်။ ၎င်းသည် ဇွန်လ ၁၅ရက်နေ့ကလည်း
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တို့ကိုလည်း နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။

















