ပျဉ်းမနားတွင် စိုးလျှပ်စစ်က သွားလာရန် ခက်ခဲသူများကို ဘီးတပ်ကုလားထိုင် လှူဒါန်းဦးမည်

ပျဉ်းမနားတွင် စိုးလျှပ်စစ်က သွားလာရန် ခက်ခဲသူများကို ဘီးတပ်ကုလားထိုင် လှူဒါန်းဦးမည်

နေပြည်တော်ပျဉ်းမနားမြို့နယ်အတွင်းရှိ နွမ်းပါးသူစျေးသည်များ၊ ဆိုက်ကားသမားများကို
ငွေကြေးကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည့် စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ ဦးစိုးတင့်က လမ်းလျှောက်
သွားလာရန် ခက်ခဲသူများကို ဘီးတပ်ကုလားထိုင်များ ဆက်လက်လှူဒါန်းသွားဦးမည်ဖြစ်သည်ဟု
စိုးလျှပ်စစ်၏ လှူဒါန်းရေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးအောင်ချိုက ပြောကြားသည်။

''ပျဉ်းမနားမြို့နယ်အတွင်းမှာရှိတဲ့ ပိုလီယိုသမားတွေ၊ မသန်မစွမ်းသူတွေ၊ မိမိကိုယ်တိုင်မသွားလာနိုင်သူ
အားလုံးကို ဘီးတပ်ကုလားထိုင် လှူမှာပါ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ့ရင်
ပြောပေးပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း အကူအညီတောင်းထားပါတယ်''ဟု ၄င်းက
ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်းရုံးအဖွဲ့၏ အကူအညီ တောင်းခံချက်အရ ရပ်ကွက်အတွင်း အသက်အရွယ်
အိုမင်းကာ လမ်းလျှောက်သွားလာရန်ခက်ခဲနေသူများကို အမည်စာရင်းလိုက်ကောက်လျက်ရှိကြောင်း
ပျဉ်းမနားမြို့၊ကံံဦးရပ်မှ ရာအိမ်မှူးဦးဝင်းအောင်က ပြောကြားသည်။

''ဦးစိုးတင့်က ဝှီးချဲတွေလှူဦးမယ်၊ အဲဒါဒီရပ်ကွက်၊ ကျေးရွာမှာရှိနေတဲ့ အိုမင်းနေတဲ့သူတွေ၊
မသန်စွမ်းတော့တဲ့သူတွေရှိရင် စာရင်းပေးပါဆိုလို့ လိုက်ကောက်နေတာ။ လောလောဆယ်တော့
ခြောက်ယောက်၊ ခုနစ်ယောက်လောက်ရှိတယ်''ဟု ၄င်းက ပြောသည်။

စိုးလျှပ်စစ်ပိုင်ရှင် ဦးစိုးတင့်သည် ၄င်းတည်ထောင်ထားသော ဘိုးဘွားရိပ်သာတွင်လည်း ရန်ပုံငွေ
မတည်လှူဒါန်းထားသည့်အပြင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆိုက်ကားသမား ၁,၃ဝဝ ကျော်နှင့်
ခေါင်းရွက်ဗျတ်ထိုးစျေးသည် ၁,၄ဝဝ ကျော်ကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့လှူဒါန်းခဲ့ပြီး
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး