ဒေါ်အောင်ဆန်းစုကြည်၏ စီစဉ်မှုဖြင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
(KOICA ) က ဇွန် ၁၇ ရက်က မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသို့ ကျောင်းကြို/ပို့ ကားအစီး ၄ဝ
လှူဒါန်းခဲ့သည်။ KOICA ၏ စီမံချက်တစ်ခုအဖြစ် မြန်မာ့ပညာရေးမြှင့်တင်ရေးအတွက် ရည်ရွယ်
လှူဒါန်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး
မစ္စတာ ယူဂျဲ့ကျောင်က အဆိုပါ လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။
''ကျွန်တော်တို့နိုင်ငံမှာ အရင်တုန်းက အင်မတန်ဆင်းရဲပါတယ်။ သယံဇာတဆိုတာလည်း
မရှိတော့ ပညာရေးဘက်ကို ပိုပြီးအလေးထားခဲ့ကြလို့ စီးပွားရေးမှာ အရမ်းကိုဖွံ့ဖြိုးခဲ့ပါတယ်။
အခုလှူတာက အဲဒီရည်ရွယ်ချက်လည်းပါတယ်'' ဟု ၄င်းက ပြောသည်။
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက လှူဒါန်းသည့်မီနီဘတ်စ်အမျိုးအစား
ကျောင်းကားများကို ဇမ္ဗူသီရိမြို့နယ်အတွင်းက ကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားဦးရေ
၁,ဝဝဝ အတွက် အသုံးပြုသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက လှူဒါန်းပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။
''ဒီမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူ ၁,ဝဝဝ လောက်ကို ကျောင်းအသွားအပြန်
အဆင်ပြေအောင် ပို့ပေးမှာပါ။ အမြန်လမ်းက ကျေးရွာငါးရွာလောက်က ကျောင်းသားကျောင်းသူ ၆ဝ
လောက်လည်း ကျောင်းတက်ရေးမှာ ပိုပြီးတော့ အဆင်ပြေလာမှာပါ'' ဟု ၄င်းက ပြောသည်။
အဆိုပါကျောင်းကားများ အသုံးပြုရေးအတွက် စက်သုံးဆီ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်
ကားပြုပြင်စရိတ်များကို အခြေခံပညာဦးစီးဌာန ရန်ပုံငွေအထဲမှ အသုံးပြုမည်ဟုလည်း ၄င်းက
ပြောသည်။
''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးဟာ အခြေခံပညာရေး ပိုမိုကောင်းမွန်မှုအပေါ်မှာ မူတည်နေလို့ အဲဒီ
ကဏ္ဍအတွက် လှူဒါန်းတာပါ။ ဒီကဏ္ဍက နိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကအဓိကထား ဆောင်ရွက်မယ့် ကိစ္စလည်းဖြစ်တာကြောင့်
ကျေနပ်ဝမ်းသာပါတယ်။ ကိုရီးယားနိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေမှာ
ရေရှည်တည်တံ့ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်စေဖို့ ဆက်လက်
ထောက်ပံ့သွားမှာပါ'' ဟု မစ္စတာယူက ပြောကြားခဲ့သည်။

















