အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးမှသာ နည်းပညာ လွှဲပြောင်းမှု စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ထိရောက်မှု ရှိမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြော

အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးမှသာ နည်းပညာ လွှဲပြောင်းမှု စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ထိရောက်မှု ရှိမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြော

အစိုးရနှင့် အကျိုးတူအပြင် နိုင်ငံသားနှင့်နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း
စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံကြရာတွင် လုပ်ငန်းနှင့် 
ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာလွှဲပြောင်းမှုစာချုပ်ကိုတစ်ပါတည်းချုပ်ဆိုနိုင်ရေးသည်
အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးမှသာထိရောက်မှုရှိမည် ဖြစ်ကြောင်းစီမံကိန်းနှင့် 
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဇွန်လ ၂၂ရက်နေ့က ပြော
ကြားသည်။

“အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီးပါကနည်းပညာလွှဲပြောင်းမှုစာချုပ်များ
ချုပ်ဆိုနိုင်ရေးအတွက် နည်းပညာပေးသူနှင့် ရယူသူတို့အကြားမှာပိုမိုဆွေးနွေးဆောင်ရွက်
နိုင်မည်ဖြစ်ပါတယ် ” ဟု အဆိုပါ နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး
တွင် ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွဋ်က တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပြုလုပ်၍ ဖြစ်စေ၊ နိုင်ငံတော်အစိုးရနှင့်
အကျိုးတူပူးပေါင်း၍ ဖြစ်စေလာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံ
တကာကော်ပိုရေးရှင်းကြီးများနှင့် စီးပွားရေးစာချုပ်များ ချုပ်ဆိုရာတွင် စာချုပ်သက်တမ်း
ကုန်ဆုံးချိန်၌ လုပ်ငန်းဆိုင်ရာနှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာနည်းပညာများအားလွှဲပြောင်း
ပေးရေးကိစ္စနှင့်စပ်လျဉ်းသည့် မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးကအထက်ပါအတိုင်း
ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုရာမှာလုပ်ငန်းဆိုင်ရာနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ
နည်းပညာများလွှဲပြောင်းရယူနိုင်ရန် ထည့်သွင်းချုပ်ဆိုမယ့်ကိစ္စက အကောင်အထည်ဖော်
ဆောင်ရွက်မည့် လုပ်ငန်းနှင့် သက်ဆိုင်တဲ့ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံသားပုဂ္ဂလိကများနဲ့
မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအကြား
ညှိနှိုင်းဆွေးနွေး ချုပ်ဆိုမှုများအပေါ်မှာ မူတည်ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု
ဦးမောင်မောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ အစိုးရနှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ
လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံတကာကော်ပိုရေးရှင်းကြီး
များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုမိန့်
များထုတ်ပေးရာတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ
အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေခြင်းရှိ မရှိ၊ ရင်းနှီးမြှုပ်နှံသူက
နည်းပညာ လွှဲပြောင်းရယူနိုင်ခြင်းရှိ မရှိ စသည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်
ဖြစ်ကြောင်း ၄င်းက ဆိုသည်။

စီးပွားရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုရာတွင် ပန္ဓိန်ညာဉ်စာချုပ်၏ သဘောသဘာဝအရ
ဆောင်ရွက်မည့် လုပ်ငန်းအပေါ်မူတည်ပြီး နှစ်ဦးနှစ်ဘက် စီးပွားရေးအကျိုးဖြစ်ထွန်းစေမှုကို
အခြေခံကာ ညှိနှိုင်းချုပ်ဆိုလေ့ရှိကြကြောင်း၊ နည်းပညာလွှဲပြောင်းရယူမည့် လုပ်ငန်းမျိုး
ဖြစ်ပါက နည်းပညာလွှဲပြောင်းမည့်ကုမ္ပဏီ နည်းပညာရယူမည့် ကုမ္ပဏီတို့အကြား
နည်းပညာလွှဲပြောင်းခြင်းကို သဘောတူစာချုပ်များတွင် ထည့်သွင်း၍ ဖြစ်စေ၊ သီးခြား
ဖြစ်စေ ချုပ်ဆိုလေ့ရှိကြပြီး နှစ်ဘက်လက်ခံနိုင်သည့် အချက်များကိုလည်း ထည့်သွင်း
ချုပ်ဆိုကြကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

“နည်းပညာ ရယူသူနဲ့ပေးသူတိုအကြားမှာ ယုံကြည်မှုနဲ့နည်းပညာကို စည်းကမ်းသတ်မှတ်
ချက်များနဲ့အညီ အသုံးပြုနိုင်ရေးတို့အတွက် နည်းပညာလွှဲပြောင်းလက်ခံတဲ့ နိုင်ငံမှာ
လုံလောက်ပြီးတော့ ထိရောက်မှုရှိတဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေး၊ ကာကွယ်
ပေးခြင်းရှိဖို့လိုအပ်ပါတယ်” ဟု ၄င်းက ပြောသည်။

မေးမြန်းသူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲထွဋ်က နိုင်ငံခြားကုမ္ပဏီအကြီးစား
များနှင့် အကျိုးတူပူးပေါင်း၍ ဖြစ်စေ၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ၍ ဖြစ်စေစာချုပ်ချုပ်ဆိုရာတွင်
နည်းပညာကိုလည်းရယူစေ လိုကြောင်းအကြံပြုပြောကြားသည်။

“ကုန်ကြမ်းပဲရောင်းတဲ့ အဆင့်မျိုးဆိုရင်တော့ အဲ့ဒီတိုင်းပြည်တစ်ပြည်ဟာ ဘယ်တော့မှ
မတိုးတက်နိုင်ပါဘူး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံ မဖြစ်နိုင်ပါဘူး၊ အရေးကြီး
တာက ဒီလိုနည်းပညာဖွံ့ဖြိုးတိုးတက်တဲ့ခေတ်ကြီးမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့
နည်းပညာတွေ ရဖို့လိုပါတယ်၊ ခေတ်မီနည်းပညာတွေ ရှိဖို့လိုပါတယ်” ဟု ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး