မူးယစ်ဆေးဝါးပြသနာ၏ အရင်းအမြစ်ကို အစီအစဉ်ရေးဆွဲဆောင်ရွက်မှသာလျှင် မူးယစ်ဆေးဝါး
အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက
ဇွန်လ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။
“ကျွန်တော်တို့အနေနဲ့ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေ ရေးဆွဲတဲ့အခါမှာလည်း လိုအပ်တဲ့
လေ့လာဆန်းစစ်မှုနဲ့ အခြေခံအချက်အလက် စုဆောင်းမှုတွေကို စနစ်တကျ ဆောင်ရွက်ပြီး ပြသနာရဲ့
အရင်းအမြစ်ကို လက်တွေ့ကျကျ ဖြေလျှော့နိုင်တဲ့ လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲဆောင်ရွက်မှသာ
မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါနေ့က
နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်
ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ၎င်းက ပြောကြားသည်။
မူးယစ်ဆေးဝါးကို တားဆီးနှိမ်နင်းရာတွင်လည်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက်
လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် မှုခင်းများ၊
အန္တရာယ်များနှင် ကြောက်ရွံ့မှုများကို မည်သို့လျှော့ချနိုင်သည်ဆိုသော အညွှန်းများဖြင့်
တိုင်းတာသွားမှသာ မူးယစ်ဆေးဝါးအ န္တရာယ်ကင်းစင်မည်ဟု ဦးမြင့်ဆွေက ဆိုသည်။
“အသိပညာပေးရေးအပိုင်းမှာ ဆေးသုံးစွဲမှု စတင်ဖြစ်ပေါ်လာစေရသည့် အကြောင်းအရင်းတွေကို
သိရှိအောင် လုပ်ပြီး သမရိုးကျ အသိပညာပေးမှုမျိုးထက် အသိတရားနဲ့ ဗဟုသုတရရှိစေမယ့်
ထိရောက်တဲ့ အသိပညာပေးလုပ်ငန်းကို ရွေးချယ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု
၄င်းက ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကုသနိုင်သည့် ရောဂါတစ်ခုအဖြစ်ခံယူကာ ဆေးစွဲသူများကို
လူသားချင်း စာနာထောက်ထားမှု အပြည့်ဖြင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကုသမှုအခွင့်အလမ်းများ
တိုးမြှင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဟု ဒုတိယသမ္မတက ထည့်သွင်းပြောကြားသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့်
ပြည်သူလူထုအခြေပြု ဆေးကုသဝန်ဆောင်မှုလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်နိုင်ရန်အတွက် စတင်နေပြီဖြစ်ကြောင်း၊ မူးယစ်ဗဟိုအဖွဲ့နှင့် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အဆင့်တွင် ဆောင်ရွက်နိုင်သည့် CBT(Community
Based Treatment)စီမံချက်တစ်ခုကို ရေးဆွဲနေသကဲ့သို့ ထိရောက်သည့် ၀န်ဆောင်မှုများ
ပေးနိုင်ရေးအတွက် နည်းပြဆရာသင်တန်းများကို စတင်ဖွင့်လှစ်ပို့ချနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
UNODC ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးနှင့်
ထုတ်လုပ်မှု လျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှု
စစ်တမ်းတစ်ခုကို ပထမဆုံးအကြိမ် ဆောင်ရွက်နေပြီး ထိုစစ်တမ်းမှတစ်ဆင့် မူယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေးတွင် တန်ဖိုးရှိသည့် အချက်အလက်များ ရရှိလာမည်ဟု ဦးမြင့်ဆွေက
ပြောသည်။
“မူးယစ်ဆေးဝါးကို သွေးကြောတွင်း ထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သော HIV၊
အသည်းရောင်အသားဝါပိုး ဘီ၊ စီနဲ့ သွေးမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများအန္တရာယ်လျှော့ချရေး
လုပ်ငန်းတွေကိုလည်း UNAIDS၊ INGO၊ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပြီ
ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ရည်ရွယ်သည့် ပြန်လည် ထူထောင်ရေးစခန်း ၁၂ ခုကို
လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားပြီး
အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးခြင်း၊ လူ့အသိုင်းအဝိုင်းအတွင်း
ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၆ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် မူးယစ်ဆေးဝါးကြောင့်
ဖမ်းဆီးရမိသော အမှုပေါင်း ၈၈၀၀ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏
မီးရှို့ဖျက်ဆီးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆,၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ် မီးရှို့ဖျက်ဆီးမှုမှာ
ကျပ်သန်း ၅၂၃,၆၉၈ သန်း ရှိသည်။

















