ပြည်သူများအနေဖြင့် အလုပ်လျှောက်ထားရန် သို့မဟုတ် အကြောင်းကိစ္စ တစ်ခုအတွက်သက်ဆိုင်ရာ
ဌာနများသို့ ထောက်ခံစာနှင့်လိုအပ်သည့်ပုံစံများ ရယူရန်ဆောင်ရွက်ရာတွင် အဆိုပါဌာနများက
ငွေကြေးတောင်းဆိုမှုနှင့် မသမာမှုများ လုပ်ဆောင်သည်ကို သိရှိနေပြီးဖြစ်ကြောင်း အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုလ ၂၇
ရက်တွင် ပြောသည်။
''ထောက်ခံချက်သွားယူနေရမယ်၊ လိုအပ်တဲ့ ပုံစံတွေ သွားယူနေရမယ်ဆိုရင် အခက်အခဲတွေရှိတယ်။
ငွေကြေးတောင်းဆိုမှုတွေရှိတယ်၊ မသမာမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့သိရှိနေပါတယ်''ဟု
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ၄င်းက ပြောကြားသည်။
အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက နိုင်ငံသားစိစစ်ရေးကတ်နှင့်
အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများသည် အလုပ်လျှောက်ထားရန်အတွက် ထောက်ခံစာများ
ရယူရာတွင်အခက်အခဲရှိနေကြောင်း တင်ပြချက်နှင့်စပ်လျဉ်းပြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။
ပြည်သူများကြုံတွေ့နေရသည့် အထက်ပါအခက်အခဲများကိုဖြေရှင်းနိုင်ရေး နည်းပညာ(အိုင်တီ)အသုံးပြု
စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း ၄င်းက ပြောသည်။
''အဓိကအချက်က ှုွှ ှသူကအငသည နဲ့ ဖြေရှင်းမှသာ ရေရှည်အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်''ဟု
ဦးသိန်းဆွေက ပြောသည်။ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် နိုင်ငံတကာ ပညာရှင်များနှင့်
တွေ့ဆုံဆွေးနွေးလျက်ရှိကာ အကောင်းမွန်ဆုံးအဖြေ ရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဟု
ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း
မရှိသောကျူးကျော်၊ သို့မဟုတ်ပြောင်းရွှေ့နေထိုင် သူများစွာရှိနေပြီး ၄င်းတို့၏သားသမီးများသည်
၁ဝ တန်းအောင်၊ ဘွဲ့ရအထိ ဖြစ်လာသော်လည်း အလုပ်အကိုင်လျှောက်ထားရာတွင် ငြင်းပယ်
ခံရသကဲ့သို့ ဖြစ်နေကြောင်း ဦးမောင်မောင်ဦးက ပြောသည်။
''မျိုးဆက်သုံးဆက်လောက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိတဲ့ ကလေးတွေဟာ၁ဝ တန်းအောင်၊
ဘွဲ့ရလို့ လုပ်ငန်းခွင်ဝင်မယ့်အချိန်မှာ ထောက်ခံစာ မရရှိတဲ့အတွက်ဂုဏ်ရှိတဲ့အလုပ်လုပ်နိုင်ဖို့ ငြင်းပယ်
ခံရပါတယ်။ ဒါကြောင့် သူတို့ဟာ အမှောင်လောကထဲကို တွန်းပို့သလိုဖြစ်နေပါတယ်''ဟု ၄င်းက
လွှတ်တော်တွင် ပြောကြားခဲ့သည်။
၂၁ ရပ်ကွက်ရှိသော အင်းစိန်မြို့နယ်တွင် ရပ်ကွက်၂ဝ အတွင်း ကျူးကျော်နေထိုင်သူများရှိနေပြီး
၄င်းတို့ထံတွင် နိုင်ငံသားဖြစ်မှုအထောက်အထားများ ရှိမနေသောကြောင့် နိုင်ငံသားအခွင့်အရေးများ
လည်း ဆုံးရှုံးနေရကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။
အဆိုပါ ကျူးကျော်နေထိုင်သူများသည် ငြိမ်းချမ်းမှု မရှိသောဒေသများ၊ သဘာဝဘေးဒဏ်ကို ပြင်းထန်စွာ
ခံစားခဲ့ရသည့်ဒေသများမှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ဗဟုသုတနည်းပါးခြင်းနှင့် ပညာရည်နိမ့်ပါး
သောကြောင့် တတိယမျိုးဆက်အထိ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေရကြောင်း ၄င်းက
ပြောသည်။
ကျူးကျော်နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ လုပ်ပေးရန်
သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် လိုအပ်လျက်ရှိရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ
ကလည်း ထောက်ခံချက်မပေးသည့်အတွက် ဝန်ကြီးဌာနတွင် အခက်အခဲရှိနေကြောင်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
















