ရဲတပ်ဖွဲ့ကို ခေတ်မီလက်နက်ကိရိယာများ ဖြည့်တင်းထား

ရဲတပ်ဖွဲ့ကို ခေတ်မီလက်နက်ကိရိယာများ ဖြည့်တင်းထား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီလက်နက် ကိရိယာများ ဖြည့်တင်းပေးလျက်ရှိရာ
လက်ရှိ ဘဏ္ဍာနှစ်အတွင်း ဒရုန်းပျံသန်းမှုကို ရပ်တန့်ဖြုတ်ချနိုင်သည့်စက်၊ ပစ်ခတ်လိုက်သည့်
ကျည်ဆန်ဖမ်းယူသည့်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယခုလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

"လက်ဗွေရာစနစ်၊ Social Forensic (မှုခင်းဆိုင်ရာ လူမှုရေးဝက်ဘ်ဆိုက်များ စစ်ဆေးသည့်ပစ္စည်း)၊
ပုံရိပ်ကို လျင်မြန်စွာ ဖော်ထုတ်စစ်ဆေးပေးနိုင်သည့် Portable X-Ray စက်၊ Hand Held Explosive
Sniffer (လက်ကိုင်သုံးပေါက်ကွဲပစ္စည်းအနံ့ခံစက်)၊ Drone ပျံသန်းမှုကို ရပ်တန့်ဖြုတ်ချနိုင်တဲ့
Sky net Anti-Drone System စက်၊ Video Pole Camera, Bullet Catcher Collection
Chamber (ပစ်ခတ်လိုက်သည့် ကျည်ဆန်ကို ဖမ်းယူသည့်ပစ္စည်း)တို့ကို ၀ယ်ယူဖြည့်တင်း
ပေးခဲ့ကြောင်း တင်ပြအပ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် မှုခင်းစုံစမ်းစစ်ဆေးခြင်းအတွက် တိကျသော အဖြေရရှိနိုင်ရန်
သိပ္ပံနည်းပညာဆိုင်ရာ ပစ္စည်းများကို စဉ်ဆက်မပြတ် ဖြည့်တင်းလျက်ရှိရာ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်
တွင်လည်း လက်နက်နှင့် ဆက်စပ် ပစ္စည်းများ၊ ပေါက်ကွဲယမ်းပစ္စည်းများ၊ သေးငယ်သောပစ္စည်းများ၊
ငွေတု စစ်ဆေးသည့်စက်များ အပါအဝင် Computer Forensic, Network Forensic,
Video Forensic အမျိုးအစား ခုနစ်မျိုးကို ၀ယ်ယူခဲ့သည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ကမူ
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲနှင့်ပြည်သူ အချိုးနည်းသည့်အပြင် ခေတ်မီလက်နက်များ တပ်ဆင်ရန်
လိုအပ်လျက်ရှိသည်ဟု ပြောသည်။

"ခုလက်ရှိဖြစ်နေတဲ့ အနေအထားအရဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေမဲ့ ယူနီဖောင်း
မလုံလောက်ဘူးလို့ သိရတယ်။ သူတို့ ကိုင်ထားတဲ့ သေနတ်နဲ့ အရေးနဲ့အကြောင်းနဲ့
ပစ်ရမယ်ဆိုရင်လည်း အဲဒီသေနတ်နဲ့ ပစ်ပေါက်ရုံပဲ ရမှာပဲ။ ဒါကြောင့် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ
မသေသင့်ဘဲ သေခဲ့ရသလို ပြည်သူတွေအတွက်လည်း စိုးရိမ်စရာပါ"ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့တွင်အသုံးပြုသည့် ခေတ်မမီတော့သည့် လက်နက်များအစား ခေတ်မီမောင်းပြန်လက်နက်များ၊
နိုင်ငံတကာစံနှုန်းနှင့်အညီ လူစုလူဝေးများကို လူစုခွဲရာတွင် အသုံးပြုသော အဓိကရုဏ်းနှိမ်နင်းရေး
လက်နက်များ ၀ယ်ယူပြီး အဆင့်သုံးဆင့်ဖြင့် တပ်ဆင်ပေးလျက်ရှိရာ ပထမအဆင့်အနေဖြင့်
ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ ရဲတပ်ဖွဲ့နှင့် ရဲလေ့ကျင့်ရေး
ကျောင်းများတွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သကဲ့သို့ ဒုတိယအဆင့်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင်
နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ကို တပ်ဆင်ပေးခဲ့သည်။

တတိယအဆင့်အနေဖြင့်မူ ယခုနှစ် မတ်လအတွင်း ကယား၊ ကရင်၊ ချင်းနှင့် မွန် ပြည်နယ်ရဲတပ်ဖွဲ့များ၊
တိုင်းဒေသကြီးများတွင် စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့များကို ခေတ်မီလက်နက်များ
တပ်ဆင်ပေးခဲ့သည်။

ဓာတုဗေဒစစ်ဆေးရေးဌာနမှ အရာထမ်းငါးဦးနှင့် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ သုံးဦးကို အင်္ဂလန်နိုင်ငံသို့
ဒီအင်န်အေဓာတ်ခွဲမှုဆိုင်ရာသင်တန်း တက်ရောက်စေခဲ့ကာ နေပြည်တော်တွင် ဒီအင်န်အေ
ဓာတ်ခွဲခန်း ဖွင့်လှစ်ထားပြီးဖြစ်သည်ဟု ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ရ၂,၀၀၀ ကျော်သာ ရှိသောကြောင့်
ရဲနှင့် ပြည်သူ အချိုးမှာ အလွန်နည်းပါးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က
ပြောကြားသည်။

နိုင်ငံတကာတွင် ရဲတစ်ဦးလျှင် ပြည်သူ ၄၀၀ အတွက် လုံခြုံရေး တာဝန်ယူရသော်လည်း
မြန်မာနိုင်ငံတွင်မူ ရဲတစ်ဦးက ပြည်သူ ၁,၂၇၀ ကို လုံခြုံရေး တာဝန်ယူနေရသောကြောင့်
လုံလောက်သည့် ကာကွယ်မှုကို မပေးနိုင်ကြောင်း ၎င်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များက ရဲကင်းနှင့်ရဲစခန်းများ ဖွင့်လှစ်ပေးရန် တင်ပြမှု
များစွာရှိနေသော်လည်း နယ်မြေအခြေအနေပေါ် မူတည်ပြီးသာ ဆောင်ရွက်ပေးနေရကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့က မဖြစ်မနေ ဖွင့်လှစ်ပေးရန်ခွင့်ပြုထားသော မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊
နယ်မြေရဲကင်း စုစုပေါင်း ၁,၂၅၁ ခုရှိသော်လည်း ၁,၁၂၆ ခု ကိုသာ ဖွင့်လှစ်ပေးနိုင်သေးကြောင်း
ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး