ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၀န်ကြီးဌာနဌာနများနှင့် အစိုးရအဖွဲ့အစည်းများအတွက်
၀န်ထမ်းများခန့်အပ်ခြင်းကို ဆောင်ရွက်ရာတွင် လုပ်ငန်းသဘာဝအလိုက် ဖွံ့ဖြိုးတိုးတက်မှု
အစီအစဉ်အရသာ သင့်လျော်ကြောင်း ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက
ဇူလိုင်လ ၃ ရက်နေ့က ပြောကြားလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က
သက်ဆိုင်ရာ ၀န်ကြီးဌာန အားလုံးအတွက် နိုင်ငံ့ဝန်ထမ်းများ ခေါ်ယူခန့်အပ်ရာတွင်
အသက် ၂၅ နှစ်ထက် မကျော်လွန်စေရဟူသော ကန့်သတ်ချက်များအား ပြောင်းလဲပြင်ဆင်
သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက
အမျိုးသားလွှတ်တော်အစည်းအဝေး၌ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းအားလုံးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ခြင်းထက်
‘Clear Development Program’ လို့ခေါ်တဲ့ လုပ်ငန်းသဘာဝအလိုက် ဖွံ့ဖြိုးတိုးတက်မှု
အစီအစဉ်အရ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းအလိုက်သာလျှင် လက်ရှိအခြေအနေကို
သုံးသပ်ပြီးသတ်မှတ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းသိန်းက ပြောသည်။
အဆိုပါအစီအစဉ်အရ သတ်မှတ်ရခြင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများ၏
လုပ်ငန်းလိုအပ်ချက်နှင့် လုပ်ငန်းသဘောသဘာဝများ တူညီမှုမရှိခြင်း၊ ပြန်တမ်းဝင်အရာရှိအဆင့်
စတင်ခန့် ရာထူးအတွက် အသက်ကန့်သတ်မှုကို တစ်ပြေးညီ သတ်မှတ်မည်ဆိုပါက မျိုးဆက်သစ်
အရာထမ်းဝန်များ မွေးမြုထူထောင်သည့်စနစ်ကို မဖော်ဆောင်နိုင်သည့် အနေအထားများ
ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“၀န်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါ ရာထူးအလိုက်အတည်ပြု ခန့်ထားရာမှာ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေရဲ့
နည်းဥပဒေ(၄)၊ ဥပဒေခွဲ(ဃ)အရဝန်ထမ်းသည် အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမည်ဟု ၀န်ထမ်းအဖြစ်
စတင်ခန့်ထားနိုင်တဲ့ အသက်ကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမှ တစ်ပါး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှာ
အခြားအသက်ကန့်သတ်ချက်တွေကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါ”ဟု ပြည်ထောင်စု
ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများကို ခန့်ထားရာတွင် အသက်ကန့်သတ်ချက်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က
သတ်မှတ်ပေးရခြင်း မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများက စတင်ခန့်
ရာထူးအတွက် ပြင်ပပုဂ္ဂိုလ်များကိုခန့်ထားလိုပါက အသက်သတ်မှတ်ချက်များနှင့် အညီ
အဆိုပြုလာသည့်အပေါ် ကြော်ငြာခေါ်ယူကာ စစ်ဆေးရွေးချယ်ပေးခြင်းကိုသာ ဆောင်ရွက်ရသည်ဟု
၄င်းက ဆိုသည်။
ကြော်ငြာခေါ်ယူပေးခြင်း၊ ရေးဖြေစာမေးပွဲ ကျင်းပစစ်ဆေးခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့်
လူတွေ့စစ်ဆေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာများနှင့်
အစိုးရအဖွဲ့အစည်းများ၏ အဆိုပြုသည့် အရေအတွက်အတိုင်း ရွေးချယ်ပေးခြင်းတို့ကိုသာ
ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာ ၀င်းသိန်းက ပြောသည်။
“အမှုထမ်းအဆင့်ဝန်ထမ်းများ ခန့်အပ်ခြင်းကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့်
အစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များရဲ့ စီမံခန့်ခွဲမှုနည်းလမ်းများအရ
ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တရားမျှတ၊ မှန်ကန်မှုရှိစေရန် လိုက်နာကျင့်သုံးရမည့်
လုပ်ထုံးလုပ်နည်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ(၇)၊ ပုဒ်မခွဲ(ခ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ(၁၅)မှ
(၂၁)အထိ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများက
၀န်ထမ်းများခေါ်ယူရာ၌ လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌက ဆိုသည်။
















