နိုင်ငံခြားဘဏ်ခွဲများကို လက်လီဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပေးရန် စဉ်းစားပေးမည်

နိုင်ငံခြားဘဏ်ခွဲများကို လက်လီဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပေးရန် စဉ်းစားပေးမည်

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်ခွဲများကို လက်လီဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပေးရန်
စဉ်းစားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က
ဇူလိုင်လ ၁၀ ရက်နေ့က ပြောကြားလိုက်သည်။

အဆိုပါနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုဇွန်တောင်မဲဆန္ဒနယ်၏
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဗဟိုဘဏ်ကိုယ်စားလှယ်ရုံး (၁၃)ရုံးအား
မြန်မာနိုင်ငံများအတွက် လက်လီဝန်ဆောင်မှုကို မည်သည့်နေ့တွင် ခွင့်ပြုမည်ဆိုသော မေးခွန်းအပေါ်
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံခြားဘဏ်တွေအပေါ် ထားရှိတဲ့
ကန့်သတ်ချက်တွေကို တတ်နိုင်သမျှ အမြန်ဆုံးဖြေလျော့ပေးဖို့ အစီအစဉ်တွေ ချမှတ်လျက်ရှိပါတယ်၊
ဒါကြောင့် နောက်တစ်ဆင့် လျော့ပေါ့တဲ့အခါမှာ နိုင်ငံခြားဘဏ်ခွဲတွေကို လက်ကားဘဏ်လုပ်ငန်း
အပြင် လက်လီဘဏ် လုပ်ငန်းကိုလည်း ဆောင်ရွက်ခွင့်ပေးဖို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်” ဟု
ဦးဆက်အောင်က ပြောသည်။

ထိုသို့ ဖြေလျှော့ရာတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုအခြေအနေနှင့်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးနိုင်သည့်အင်အားပေါ်မူတည်ပြီး ဖြေလျှော့မှုများကို
ယခုထက်ပိုမြန်ဆန်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီးနောက် တစ်ဆင့်လျော့ပေါ့မည့် အချိန်ကာလကို
သတ်မှတ်သွားမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများ စတင်လုပ်ငန်း လည်ပတ်သည့် အချိန်ကာလသည်
နှစ်နှစ်သာရှိသေးသည့်အတွက် လက်ကားဘဏ်လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပေးထားပြီး
လက်လီဘဏ်လုပ်ငန်းများ ဆောင်ရွက်ရန် ယာယီအားဖြင့် ကန့်သတ်ထားကြောင်း၊
လက်လီဘဏ်လုပ်ငန်း ထိရောက်အောင်မြင်စေရန်အတွက် နိုင်ငံအနှံ့ ဘဏ်ခွဲများ တည်ရှိနိုင်မှုနှင့်
E-Banking စနစ်ဆောင်ရွက်နိုင်မှုစသည့် အရေးကြီးသည့်အချက် နှစ်ချက်ရှိကြောင်းနှင့်
နိုင်ငံခြားဘဏ်များအနေဖြင့် E- Banking စနစ်များ ရှိသော်လည်း နိုင်ငံအနှံ့ဘဏ်ခွဲများ
မထားရှိနိုင်သောကြောင့် အိမ်နီးချင်းဘဏ်လုပ်ငန်းကို ပြည်တွင်းဘဏ်များကသာ ထိရောက်စွာ
ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ဆိုသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်းဘဏ်တွေအနေနဲ့ E-Banking စနစ်ကို စတင်ဆောင်ရွက်နေပြီး
နိုင်ငံအနှံ့မှာ ဘဏ်ခွဲတွေကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း
ပြည်တွင်းဘဏ်တွေကသာ လက်လီဘဏ်လုပ်ငန်းကို ထိရောက်စွာ ဆာင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး