တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေရေး အရေးကြီးဆောင်ရွက်ရမည့် ကိစ္စများရှိနေသည့်အတွက်
လိုအပ်သော အချက်အလက်များ ပြည့်စုံစွာ ပြုစုပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကို ညွှန်ကြားလိုက်ပြီဖြစ်သည်။
ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ဥပဒေကြမ်းကော်မတီဝင် ဦးဝင်းဝင်းက ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ
ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာ၏ လေ့လာတွေ့ရှိချက်တွင် ပါ၀င်သော အမှုသည်များအပေါ် ဆက်ဆံရေး
မောက်မာနေဆဲဖြစ်ခြင်း၊ တရားစီရင်နေသည့် အချိန်တွင် ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊
တရားခွင် အပြင်ထွက်၍ ဖုန်းပြောခြင်း၊ မလိုအပ်ပဲဖြစ်စေ၊ ဘက်လိုက်၍ ဖြစ်စေ၊ ရုံးချိန်း
မကြာခဏပေးခြင်း၊ ၀ရမ်းနှင့် သမ္မန်စာ အတည်ပြုသည့် ကိစ္စတွင် လိုအပ်လျှင် လိုအပ်သလို
အတည်ဖြစ်စေပြီး မလိုအပ်လျှင် ၀ရမ်းစာသမ္မန်စာ အကြိမ်ကြိမ် ထုတ်ကာအမှုကို နှောင့်နှေးစေရန်
ဆောင်ရွက်ခြင်းနှင့် အချို့ရဲစခန်းများတွင် မှုခင်းတစ်ခုကို သွားရောက်တိုင်ကြားပါက ရဲအရေးမပိုင်သည့်
အမှုဟု အကြောင်းပြပြီး အရေးယူပေးမှု မပြုခြင်း၊ တရားသူကြီးများအနေဖြင့် သက်သေ၊ တရားလို၊
တရားခံနှင့် တရားပြိုင်များ၏ ထွက်ဆိုချက်များကို အရေးမမူ သုံးသပ်မှုမပြုဘဲ မိမိအနိုင်ပေးလိုသော
အမှုသည်ဘက်ကိုသာ အသားပေးခြင်း စသည်တို့၏ နောက်ဆက်တွဲအချက်များဖြစ်သည့်
မည်သည့်မြို့နယ်၊ မည်သည့် တရားခွင်၊ မည်သည့် တရားရုံးတို့ဖြစ်သည်တို့ကို ဇူလိုင်လ ၂၁ရက်နေ့
နောက်ဆုံးထားပြီး တိကျစွာပြုစုရန် ဦးဝင်းမြင့်က ညွှန်ကြားခဲ့သည်။
“သေချာပြုစုပေးပါ၊ ပြီးရင် စာရင်းပြုစုပြီးတော့ ကျွန်တော့်ဆီ ပို့ပေးပါ၊ ဒါက ကျွန်တော်တို့
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို ကျွန်တော်
တိတိလင်းလင်း ပေးရမယ်၊ တိတိလင်းလင်း ဆောင်ရွက်ရမယ်၊ ဒီမှာ(အစီရင်ခံစာ)ကတော့
နောက်ဆက်တွဲ ဘာမှမပါဘူး၊ တွေ့ရှိချက်တွေကို ဘယ်မြို့နယ်တွေမှာ၊ ဘယ်အမှုတွေလဲဆိုတာ
ပြန်ပြုစုပေးပါ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးကို ကျွန်တော်တိတိကျကျ ပို့ပါ့မယ်” ဟု
၎င်းက ပြောကြားခဲ့သည်။
















