ဆေးတက္ကသိုလ် တက်ရောက်နိုင်ရန် ကျောင်းသူများအတွက် အနိမ့်ဆုံး လိုအပ်သော အမှတ်သည်
ကျောင်းသားများအတွက် သတ်မှတ်ထားသည့် အမှတ်ထက် များစွာမြင့်မားနေသော်လည်း ထိုအမှတ်
ကွာဟမှုကို ဖြစ်ပေါ်စေသည့် ကျား/မအချိုးကန့်သတ်ချက်ကို လတ်တလောပယ်ဖျက်ပေးရန် အစီအစဉ်
မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ယခုလ ရ ရက်တွင်
ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဝေးလံခေါင်သီသောဒေသများသို့ ဆရာဝန်စေလွှတ်
ခန့်ထားရာတွင် အဆင်ပြေစေရန်နှင့် ဆရာဝန် ကျား/မ အချိုးညီမျှစေရန် အဆိုပါကန့်သတ်ချက်ဖြင့်
ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
ဆေးတက္ကသိုလ်များသို့ ယခင်က ကျား/မ အချိုး ခွဲခြားမှုမရှိဘဲ စုစုပေါင်းရမှတ်အပေါ်မူတည်ပြီး
ဝင်ခွင့်သတ်မှတ်ခဲ့ရာ ဝင်ခွင့်ရရှိသူများတွင် အမျိုးသမီးဦးရေ ပိုမိုများပြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်ရာတွင်လည်း အမျိုးသမီး ဆရာဝန်ဦးရေ ပိုမိုများလျက်ရှိသည်ဟု ဆိုသည်။
''အမျိုးသားဆရာဝန်ဦးရေ နည်းပါးနေခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့
နေရာချထားရာမှာ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေနဲ့ သွားလာရေး ခက်ခဲတဲ့ ဒေသတွေကို
တာဝန်ချထားရန် အခက်အခဲရှိတာကို တွေ့ရှိရပါတယ်'' ဟု ဦးဝင်းမော်ထွန်းက ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ် ဝင်ခွင့်ပြုရာတွင် ကျား/မ အချိုးသတ်မှတ်ခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၁ ခုနှစ်အထိ
ကျား ၆ဝ ရာခိုင်နှုန်း၊ မ ၄ဝ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကာ စုစုပေါင်း ကျောင်းသား ကျောင်းသူဦးရေ
၄,၄ဝဝ ခန့်ကို ဝင်ခွင့်ပြုခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အထိ ၅ဝ/၅ဝ အချိုးတူညီစွာဖြင့်
ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု ၄င်းက ပြောသည်။
















