နိုင်င့ံဝန်ထမ်းများအနက် အဆင့်မြင့် ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာပေးရမည့်
အချက်ပါဝင်သည့် မြန်မာနိုင်ငံ၊ နိုင်င့ံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ကို
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) တွင် ယခုလ ၁ဝ ရက်တွင်
အခမ်းအနားဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်
ခွန်းပြောကြားခဲ့ပြီး မိန့်ခွန်းတွင်လည်း ထိုအချက်ကို ထည့်သွင်းပြောကြားသွားခဲ့သည်။
'အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်
တရားကောင်းမွန်ရေးနဲ့ လေ့ကျင့် သင်ကြားမှုများပေးဖို့၊ တိုင်ကြားရေးနဲ့ ဖော်ထုတ်ရေးဆိုင်ရာ
ထိရောက်မှုရှိဖို့၊ အဆင့်မြင့်ရာထူးရာခံရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာပေးဖို့၊
နည်းပညာအသစ်တွေနဲ့ ပ့ံပိုးဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းကို
နည်းပါးအောင်ဆောင်ရွက်ဖို့ စတဲ့အစီအစဉ်တွေလည်း ထည့်သွင်းဆောင်ရွက်ထားပါတယ်''ဟု
ပြောကြားခဲ့သည်။
မဟာဗျူဟာတွင် ''အဆင့်မြင့်ရာထူးနေရာများနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေရှိသော
ရာထူးနေရာများအတွက် ပိုင်ဆိုင်မှုထုတ်ဖော်ကြေညာချက်များ ပြုလုပ်စေရန်နှင့် ထိုကြေညာ
ချက်များကို စုဆောင်းသိမ်းဆည်းရန်အတွက် စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' ဟု
အတိအလင်းဖော်ပြထားသည်ကို တွေ့ရသည်။
အစိုးရသစ်သည် ရွေးကောက်ပွဲ ကတိအတိုင်း အဂတိကင်းသော အစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အဆိုပါကိစ္စသည် ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးကြောင်း
လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ခက်သလို၊ သတိပြုမိဖို့လည်းခက်ပါတယ်။ ဒီကိစ္စဟာ
ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး''ဟု ၄င်းက
ပြောသည်။
ပြည်သူ့ဝန်ထမ်းများသည် လုပ်ငန်းဆောင်ရွက်ရာတွင် အထက်အရာရှိ၊ ဝန်ကြီးများသိရမည့်
အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ရမည် ဖြစ်သကဲ့သို့ တင်ပြရန်လည်းတာဝန်
ရှိသည်ဟုဆိုသည်။ ''ဒီမိုကရေစီစနစ်မှာ မလုပ်၊ မရှုပ်၊ မပြုတ်အတွေးအခေါ်တွေအတွက် နေရာ
မရှိနိုင်ပါဘူး။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရအပေါ်မှာ
တာဝန်ခံရပါတယ်'' ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းများကို ရည်ညွှန်းပြောကြား
ခဲ့သည်။
အစိုးရနေဖြင့်လည်း ဝန်ထမ်းများကို စောင့်ရှောက်ပေးရမည့် တာဝန်ရှိနေပြီး သင့်တင့်မျှတသော
လုပ်ခလစာ ရရှိရေး၊ ကောင်းမွန်သော အထွေထွေခံစားခွင့်များရရှိရေး ဆောင်ရွက်ပေးသွား
ရမည်ဟု ဆိုသည်။ ''လစာတိုးမြင့်ရေးဟာ ဝန်ထမ်းတွေ မျှော်လင့်သလို ချက်ချင်းမဖြစ်နိုင်သေးပေမဲ့
အခြားနည်းလမ်းတွေနဲ့ ပ့ံပိုးသွားမှာဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''နိုင်င့ံဝန်ထမ်းတွေရဲ့ ၅၆ ရာခိုင်နှုန်းက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချို့ဟာ
ဆောင်ရွက်ပေးရတဲ့ ဝန်ဆောင်မှုတွေအတွက် အပိုငွေကြေး တောင်းခံမှုတွေရှိတယ်လို့
ဆိုပါတယ်''ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ ဌာနေညွှန်ကြားရေးမှူး မစ္စတာ ပီတာဘတ်ချ်လာက
အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
''ပိုမိုမြင့်မားတဲ့ စံနှုန်းအသစ်တွေကို ချမှတ်ဖို့နဲ့ အဂတိလိုက်စားမှု အလေ့အထတွေကို တိုင်ကြားဖို့
အတွက် တာဝန်ခံမှုယန္တရားတွေ ချမှတ်ဖို့ဟာက ဒီမဟာဗျူဟာရဲ့အဓိက အစိတ်အပိုင်းတွေပဲ
ဖြစ်ပါတယ်'' ဟု မဟာဗျူဟာနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အချိတ်အဆက်ကို ၄င်းက
ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ မဟာဗျူဟာစီမံချက်ကို ၂ဝ၁၆ခုနှစ်၊ သြဂုတ်လကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး
ပြောင်းလဲမှုကိုလိုလားသော ပြည်သူများအတွက် နည်းလမ်းတစ်ခုအနေဖြင့် အထောက်အကူပြုနိုင်မည်
ဖြစ်မည့်အပြင် အသွင်ကူးပြောင်းမှု၏ အကျိုးကျေးဇူးကိုလည်း ပြည်သူအားလုံး ရရှိစေမည်ဖြစ်ကြောင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောကြားသည်။
အဆိုပါ မဟာဗျူဟာစီမံချက်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် တန်းတူညီမျှသောအခွင့်အရေးများ
ရရှိခံစားနိုင်စေရန်အချက်များ ပါဝင်သကဲ့သို့၊ ဝန်ထမ်းများအတွင်း အဂတိလိုက်စားမှုကို
တိုက်ဖျက်ရန်အချက်များလည်းပါဝင်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏
လုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန် ပြန်လည်သုံးသပ်မည်ဖြစ်သကဲ့သို့ အစိုးရ လျှို့ဝှက်ချက်
ဥပဒေကိုလည်း ပြန်လည်သုံးသပ်သွားရန် ရှိနေသည်။
''ပွင့်လင်းမြင်သာမှု တိုးတက်စေရေး ကြိုးပမ်းရာတွင် 'မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ' ၏
ယူဆချက်တစ်ရပ်ဖြစ်သော အစိုးရ၏တရားဝင်သတင်းအချက်များအားလုံးကို လျှို့ဝှက်ထားရမည်
ဟူသည့်အချက်ကို စောဒကတက်ရန်အတွက် ၄င်းဥပဒေကို ပြန်လည်သုံးသပ်သွားရမည်ဖြစ်ပါသည်''ဟု
မဟာဗျူဟာစီမံချက်တွင် ဖော်ပြထားသည်။
အစိုးရသစ်လက်ထက် ပြည်ထောင်စုအဆင့်ဝင် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုကိုချပြနိုင်ခြင်း
မရှိသော်လည်း ပြည်သူ့ဝန်ထမ်းများ၏ ပိုင်ဆိုင်မှုများကိုမူ ထုတ်ဖော်ကြေညာပေးရမည့်အချက်ကို
ယခုစီမံချက်တွင်ထည့်သွင်း ဖော်ပြထားသည်။ ထိုအချက်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသော
ညွှန်ကြားရေးမှူးအဆင့်ရှိ အရာထမ်းတစ်ဦးကမူ မဖြစ်သင့်သော ဆောင်ရွက်မှုဖြစ်သည့်အပြင်
နည်းလမ်းမကျဘဲ အဆင့်ကျော်နေသော ဆောင်ရွက်ချက်ဖြစ်သည်ဟု ဆိုသည်။
''ဝန်ထမ်းကိုပိုင်ဆိုင်မှု ထုတ်ပြခိုင်းတာ မဖြစ်သင့်ဘူး။ ပြီးတော့ ဒါကအဆင့်ကျော်နေတယ်လို့
မြင်တယ်။ အရင်လုပ်ရမှာက ဝန်ထမ်းလောကမှာ လာဘ်ပေးလာဘ်ယူလုပ်တဲ့သူ၊ အဂတိ
လိုက်စားတဲ့သူတွေကို ဖော်ထုတ်ပြီး ချပြအရေးယူသင့်တာ။ အခုအဲဒီလိုအရေးယူလိုက်တယ်
ဆိုတာမျိုး ဘယ်လောက်ရှိလို့လဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ ဝန်ထမ်းကို အဂတိ မလိုက်စားနိုင်အောင်
ပိုင်ဆိုင်မှု ထုတ်ဖော် ကြေညာခိုင်းမယ်ဆိုတာကတော့ အဆင့်ကျော်နေတယ်လို့ပဲ မြင်တယ်'' ဟု
၄င်းက ပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်က ကောက်ယူခဲ့သည့်စစ်တမ်းအရ နိုင်င့ံဝန်ထမ်းအားလုံး၏
၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်နေပြီး ဒုတိယညွှန်ကြားရေးမှူးနှင့် အထက်တွင် ၃၉
ရာခိုင်နှုန်းရှိသည်။

















