ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်တွင် ဆွေးနွေးတော့မည်

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်တွင် ဆွေးနွေးတော့မည်

ပြည်သူများက ပယ်ဖျက်သည်အထိ လိုလားနေကြသည့် ပုဒ်မ ၆၆(ဃ)ပါ၀င်သော ဆက်သွယ်ရေး
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်တွင်
ဆွေးနွေးကြတော့မည်ဖြစ်သည်။

ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဥပဒေကြမ်းရှိ ပြင်ဆင်ရမည့် အချက်
ငါးချက်ကို တင်သွင်းကာ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား
ပြီးနောက် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဇူလိုင်လ ၁၈ ရက်နေ့နောက်ဆုံးထားကာ
အမည်စာရင်းပေးပို့ကြရန် လွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားသောပြင်ဆင်မည့်
အချက်များမှာ ‘ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန’ ကို လက်ရှိအမည်
‘ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန’ ဟုလည်းကောင်း၊ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မခွဲ(ဃ)တွင်
ဖော်ပြထားသော ‘အနိုင်ထက်ပြုခြင်း’ ၊ ‘မတရား တားဆီးကန့်ကွက်ခြင်း’ နှင့် ‘မလျော်သြဇာသုံးခြင်း’
စသည့် ပြစ်မှု သုံးမျိုးကို ပယ်ဖျက်ရန်ဟု လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့်
ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများအတွက် တရားစွဲဆိုရာတွင် ၀န်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို
တောင်းခံရန် မလိုအပ်သဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အရေးယူဆောင်ရွက်နိုင်ရန်အတွက်
မူလဥပဒေ ပုဒ်မ ၈၀၊ ပုဒ်မခွဲ (ခ)ကို ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဂ)၊ (ဃ)နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့တွင်
အကျံုးဝင်သည့် ပြစ်မှုမှ တစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆိုသည့်အခါ ၀န်ကြီးဌာန၏
ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု အစားထိုး ပြင်ဆင်ရန်ဟု လည်းကောင်း၊ တရားစွဲဆိုသူများအနေဖြင့်
ဖြေရှင်းထုချေရာတွင် ပွင့်လင်း မျှတစွာ အာမခံဖြင့် အချုပ်လွတ်ထုချေပိုင်ခွင့် အပြည့်အဝ ရရှိစေနိုင်ရေး
အတွက် မူလဥပဒေပုဒ်မ ၈၀ တွင် ပုဒ်ခွဲ(ဂ)ကို အသစ်ဖြည့်စွက်၍ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ(က)၊
(ခ)နှင့် (ဃ)တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်ရန်နှင့် အသရေဖျက်မှု
ကဲ့သို့သော ကိစ္စမျိုးတွင် နစ်နာသူမဟုတ်ဘဲ အခြားမသက်ဆိုင်သူများမှ ၀င်ရောက်တိုင်ကြားနေမှု
များကြောင့် မလိုလားအပ်သည့်ကိစ္စများ မဖြစ်ပေါ်စေရန်အတွက် မူလဥပဒေပုဒ်မ ၈၀ တွင်
ပုဒ်မခွဲ (ဃ)ကို အသစ်ဖြည့်စွက်၍ ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဃ)ပါ ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို
အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးကို အသရေဖျက်ကြောင်း၊ သက်ဆိုင်ရာနစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊
နစ်နာသူကိုယ်စား လွှဲအပ်ခြင်းခံရသူက ဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင်
အရေးယူဆောင်ရွက်ခြင်း မပြုရေးအတွက် ပြင်ဆင်ရန်တို့ ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို အသုံးပြုပြီး လူပုဂ္ဂိုလ်များအကြား တိုင်ကြားမှုများ
တစ်နေ့တစ်ခြား များပြားလာသည်ကို တွေ့ရှိရပြီး လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေအရ
တရားစွဲဆိုခံရသူအနေဖြင့် မမှန်မကန်စွပ်စွဲ တိုင်ကြားခြင်းခံရပါက နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကာ
ပြည်သူများအကြားဝေဖန်မှု မြင့်တက်နေသောကြောင့် ဆက်သွယ်ရေးဥပဒေကို
ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဦးကျော်မျိုးက
လွှတ်တော်သို့ တင်ပြခဲ့သည်။

တရားစွဲဆိုရန်အတွက် ၀န်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ယူရမည့်ကိစ္စနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီး
ဦးကျော်မျိုးက “၀န်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ ကျန်ရှိတဲ့ ပြစ်မှုတွေကတော့
နည်းပညာ ပိုင်းဆိုင်ရာနဲ့ ၀န်ကြီးဌာနရဲ့ ကြီးကြပ်မှုပိုင်းဆိုင်ရာ ပြစ်မှုတွေဖြစ်ပါတယ်” ဟု
လွှတ်တော်သို့ ထည့်သွင်း တင်ပြသည်။

ပုဒ်မ ၆၆ ပုဒ်မခွဲ(ဂ)တွင် ငွေကြေး သို့မဟုတ် ပစ္စည်းခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်းနှင့်
အကျိုးပျက်စီးစေခြင်းတို့နှင့် သက်ဆိုင်သည့် ပြစ်မှုများဖြစ်သောကြောင့် အာမခံပေးနိုင်သည့်
ပြစ်မှုများအဖြစ် မသတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းက တင်ပြခဲ့သည်။

“အခုအဆိုတင်တာသည် ၆၆(ဃ) ကို ဖျက်တာမဟုတ်ဘူး၊ ဒါပေမယ့် တရားစွဲ၊ အာမခံပေးနိုင်အောင်
အတွက် တရားစွဲဆိုခံရတဲ့သူက မတရားစွဲဆိုခံရတာဖြစ်တဲ့အခါကျ သူ့မှာ ထုချေပိုင်ခွင့်
လွတ်လွတ်လပ်လပ်အာမခံ လုပ်နိုင်ဖို့အတွက် ရည်ရွယ်တာပေါ့” ဟု ဦးကျော်မျိုးက
သတင်းထောက်များကို ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၏ မူလရည်ရွယ်ချက်သည် အကာအကွယ်ပေးရန်အတွက်သာ
ဖြစ်ပြီး မတရားအသရေဖျက်မှု ဥပဒေအပါအဝင် အခြားသောဥပဒေများကို အကာအကွယ်ပေးရန်
ဥပဒေတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါပေမယ့် ဒီဘက်ပိုင်းမှာ တဖြည်းဖြည်းတော်တော်လေး များလာပြီးတော့ အများပြည်သူတွေကလည်း
ဒီဟာအပေါ် အာရုံစိုက်ပြီး ပြောဆိုလာတဲ့ အခြားအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကအစ
ပြောဆိုလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာဖြစ်တယ်၊ ရဲအရေးပိုင်တဲ့ အမှုအဖြစ်
သတ်မှတ်တာတော့ နဂိုဥပဒေမှာလည်းပါတယ်၊ အခုလည်း ဆက်ပြီးထားထားတယ်” ဟု
ဒုတိယဝန်ကြီးက ပြောသည်။

ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်မှုသည် ရာဇသတ်ကြီးပုဒ်မတွင်လည်း ပါရှိပြီးဖြစ်ပြီး
ယခုအဆိုပြုထားသည့် ဥပဒေကြမ်းတွင် အသရေဖျက်မှုနှင့် ပတ်သက်ပြီး တရားသူကြီးက
အာမခံပေးနိုင်ရမည်ဟု ပြင်ဆင်ရန် ပါရှိကြောင်း ၎င်းက ဆိုသည်။

“ အာမခံပေးနိုင်ရမည်ဆိုတော့ အာမခံပေးချင်လည်းရတယ်၊ မပေးချင်လည်းရတယ်ဆိုတဲ့ သဘောပေါ့၊
အာမခံပေးတယ်ဆိုကတည်းက သူ့မှာ လွတ်လွတ်လပ်လပ် အချုပ်လွတ် ထုချေပိုင်ခွင့်ရှိသွားမှာ
ဖြစ်တယ်။ ဒီဟာကလည်း ဥပဒေတစ်ရပ်ကို ပြင်တယ်ဆိုတာ ဗြုန်းစားကြီး အများပြည်သူရဲ့
သဘောထားကိုလည်း အလေးထားရတယ်၊ ဒါပေမယ့် နှစ်ဖက်ပေ့ါ အလေးထားသလို
အကာအကွယ်ပေးတဲ့ဟာလည်း ပျောက်မသွားအောင် ချင့်ချိန်ပြီးတော့ လုပ်ရတာပေါ့။
ဒါပေမယ့် နောက်ဆုံး လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေအပေါ်မူတည်ပြီး ဘယ်လို အပြောင်းအလဲ
ရှိမယ်ဆိုတာ မပြောနိုင်သေးဘူး” ဟု ဦးကျော်မျိုးက ပြောသည်။

ယခုအဆိုပြုခဲ့သော ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပြည်ထောင်စု
ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်များနှင့်အညီ ညှိနှိုင်းပြင်ဆင်ဖြည့်စွက်ပြီး လုံခြံုရေး၊
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှ တစ်ဆင့် ဇူလိုင်လ ၆ ရက်နေ့တွင်
ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင်လည်း
ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ဆောင်ရွက်ရန်
သဘောတူခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြင်ဆင်မယ့် အချက်ထဲမှာ ‘အာမခံပေးနိုင်သည်’ဆိုတဲ့ အချက်က တရားသူကြီးက
အာမခံမပေးလည်း ရတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်နေတဲ့အတွက် လက်ရှိရှိနေတဲ့
သတ်မှတ်ချက်နဲ့ ကွာခြားမှုမရှိဘူး၊ ဘယ်သူ့ကိုဖြစ်ဖြစ် အာမခံရရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို
စော်ကားလို့့ပဲဖြစ်ဖြစ်၊ တပ်မတော်ကို စော်ကား လို့ပဲဖြစ်ဖြစ် တစ်ပြေးညီ ဘယ်သူ့ကိုမဆို
တရားသူကြီးက အာမခံပေးရမယ်” ဟု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပြင်ဆင်ရေး
လူထုလှုပ်ရှားမှု ဦးဆောင်သူ ကဗျာဆရာမောင်ဆောင်းခက မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြည်သူလူထုအနေဖြင့် အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ရရှိစေရန်နှင့်
ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် အသုံးပြုသူများကို ဥပဒေနှင့်အညီ ကြီးကြပ်အကာအကွယ်
ပေးနိုင်ရန် အဓိကရည်ရွယ်ချက်ဖြင့်ဟုဆိုကာ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် တိုင်ပင်ရေးဆွဲခဲ့သည့်
ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်
အတည်ပြုပြဌာန်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး