မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါး စိုက်ဧက ၁၇ သန်းခန့်ရှိသော်လည်း မျိုးသန့်မျိုးစေ့ထုတ်လုပ်နိုင်မှု
အပိုင်းတွင် လုံလောက်မှု မရှိသေးသောကြောင့် စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှုမြှင့်တင်ရေးစီမံကိန်းကို
ဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။
အဆိုပါစီမံကိန်းကို လာမည့် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆောင်ရွက်သွားမည်
ဖြစ်ပြီး စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ
ခုနစ်မြို့နယ်တွင် မျိုးသန့်မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
"စီမံကိန်းကာလက ငါးနှစ်ပေါ့ဗျာ။ အဓိကတော့ စပါးမျိုးသန့်မျိုးစေ့ လိုအပ်ချက်ကို အတိုင်းအတာ
တစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ (ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ - ဂျိုက်ကာ)နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်စီမံကိန်းပါ"ဟု
၎င်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်အဓိက တင်ပို့သူအဖြစ်ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိပြီး
ယခုဘဏ္ဍာနှစ်တွင် တန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားသည်။
သို့သော်လည်း ထုတ်လုပ်နိုင်သည့်ဆန် အရည်အသွေး၊ ဈေးနှုန်းနှင့် ဈေးကွက်က တောင်းဆိုသည့်
ပမာဏအတိုင်း အချိန်ကိုက်ရရှိရန် အခက်အခဲများရှိနေပြီး အိမ်နီးချင်း တရုတ်နိုင်ငံဈေးကွက်ကိုသာ
အဓိက မှီခိုနေရဆဲဖြစ်ကြောင်း နေပြည်တော်အခြေစိုက် ဆန်စက်လုပ်ငန်းရှင် ကိုနေစိုးက ပြောသည်။
"ဆန်ကဘယ်လိုဖြစ်နေလဲဆိုတော့ အရည်အသွေးမှာ ၀ယ်လက်နိုင်ငံတွေက သိပ်မကြိုက်ဘူး။
ကြိုက်ပြန်တော့လည်း သူတို့လိုသလောက်ကို တစ်ချိန်တည်း ပေးနိုင်ဖို့ခက်ပြန်တယ်။ ဒီမှာက
မျိုးကွဲတွေ များနေတာကိုး။ ပြီးတော့ ဈေးနှုန်းက လည်းရှိသေးတယ်။ ပေါ်ဆန်းအုပ်စုဆိုရင်
ပြည်တွင်းဈေးက ပြည်ပထက် ပိုမြင့်နေတယ်။ ဒါကြောင့်လည်း နောက်ဆုံးတော့ တရုတ်ဈေးကွက်ကိုပဲ
အားထားနေရတယ်"ဟု ၎င်းကပြောသည်။
ယခုနှစ် သုံးလကျော်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန်ခြောက်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဂျပန်နိုင်ငံကပညာရှင်များနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက
ပညာရှင်များ ပူးပေါင်းဆောင်ရွက်မည့် စပါးမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်ရခြင်း
ဖြစ်သည်။
နိုင်ငံအတွင်း မိုးစပါးစိုက်ဧက ၁၄ သန်း ခန့်နှင့်နွေစပါးစိုက်ဧက သုံးသန်း၊ စုစုပေါင်း စိုက်ဧက
၁၇ သန်းခန့်အတွက် မျိုးသန့်မျိုးစေ့ လိုအပ်ချက်ကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန
ဦးစီးဌာနတို့က လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးပေ။
ယခုစီမံကိန်းသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မိဘမျိုးစေ့ပွားများရေး
လုပ်ငန်းများ၏ နည်းပညာပိုင်း၊ ထုတ်လုပ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများတွင် ပူးပေါင်းဆောင်ရွက်မည်
ဖြစ်ပြီး စီးပွားဖြစ် ဆန်စပါးမျိုးစေ့ ရရှိသုံးစွဲမှု မြှင့်တင်ရေးစီမံကိန်းကိုလည်း ဧရာဝတီနှင့်
စစ်ကိုင်းတိုင်းဒေသကြီးများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါဒေသများရှိ ၀န်ကြီးဌာနပိုင် မျိုးသန့်ခြံများတွင် ဆောင်ရွက်သွားမည်ဖြစ်ရာ ရလဒ်အဖြစ်
မျိုးစေ့ထုတ်လုပ်သော တောင်သူများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အကျိုးအမြတ်
ရရှိခံစားနိုင်မည်ဟု ဆိုသည်။

















