ပြည်ပသို့တရားမဝင်အိမ်အကူများ စေလွှတ်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ရာသက်ပန်
လိုင်စင်ပိတ်သိမ်းခြင်းနှင့် လူပုဂ္ဂိုလ်များကို အမည်မဲစာရင်း ထည့်သွင်းသည်အထိ အရေးယူရန်
စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဇူလိုင်လ ၂၄ရက်နေ့က ပြောကြားလိုက်သည်။
လက်ရှိတွင် အိမ်အကူအဖြစ် မြန်မာအမျိုးသမီး နှစ်ဦးကို တရားမဝင် စေလွှတ်ကြောင်း ပေါ်ပေါက်သည့်
ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို သတ်မှတ်စည်းမျဉ်းစည်းကမ်းအရ လိုင်စင်သက်တမ်း သုံးနှစ်
ပိတ်သိမ်းကာ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါနေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်
အစည်းအဝေး၌ ၄င်းက ပြောကြားသည်။
“ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအရ ဆက်လက်ဖောက်ဖျက်မယ်ဆိုလို့ရှိရင် အဲ့ဒီအေဂျင်စီတွေ
ကို ရာသတ်ပန်လိုင်စင်ပိတ်သိမ်းတာ၊ လူပုဂ္ဂိုလ်တွေကိုလည်း အမည်မဲစာရင်းထည့်သွင်းပြီးတော့
ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားဖို့ ၀န်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်လျက်
ရှိပါတယ် ” ဟု ဦးသိန်း ဆွေက ပြောသည်။
ထိုသို့ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် အိမ်အကူများကိုယ်တိုင်က အချက်အလက်များကို
မှန်ကန်ပြည့်စုံစွာပေးရန်လိုအပ်သကဲ့သို့ ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ဖို့လည်း လိုအပ်မည်
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်းပဲ သက်ဆိုင်ရာနိုင်ငံများမှာ ရောက်ရှိနေ
မြန်မာ အိမ်အကူ အလုပ်သမားစာရင်းကိုလည်း ကောက်ယူလျက်ရှိပါတယ်၊ အဲ့ဒီစာရင်းများအပေါ်
မူတည်ပြီးတော့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးတော့ နိုင်ငံသားမှန်ကန်လျှင်
အသိအမှတ်ပြုတဲ့ အထောက်အထားများ ထုတ်ပေးသွားဖို့ရှိပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက
ပြောသည်။
အိမ်အကူများကို အလုပ်သမားစိစစ်မှုများ ပြုလုပ်ပြီး နိုင်ငံသားအသိအမှတ်ပြု အထောက်အထားများ
ထုတ်ပေး ခြင်းနှင့်အတူ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့် အညီ အကျိုးခံစားခွင့်ရရှိရေး၊ ကာကွယ်
စောင့်ရှောက်မှုပေးရေးကိ စ္စများကိုလည်း ဆောင်ရွက်သွားမည်ဟု ၄င်းက ဆိုသည်။
“ပြည်ပသို့ သွားရောက်လုပ်ကိုင်တဲ့ မြန်မာအိမ်အကူ အလုပ်သမားများ ပြည်ပရဲ့ ဥပဒေနဲ့ အညီ
အကျိုးခံစားခွင့် ရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးသွား မှာ ဖြစ်ပါတယ်၊စင်္ကာပူနိုင်ငံမှာ
ရောက်ရှိနေတဲ့ မြန်မာအိမ်တွင်း အထောက်အကူပြုလုပ်သားများအတွက် အလုပ်သမားရေးရာ
ကိစ္စရပ်များကို ကာကွယ် ကူညီစောင့်ရှောက်နေတဲ့ လူမှုအဖွဲ့အစည်းများ၊ အေဂျင်စီအဖွဲ့တို့များနဲ့
လည်းပဲ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ် ” ဟု ဦးသိန်းဆွေက ပြောသည်။
၀န်ကြီးဌာနအနေဖြင့် အိမ်အကူအလုပ်သမားများကို ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းမရှိသေး
သော်လည်း တရားမဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးအိမ်အကူ
အလုပ်သမားအရေအတွက် နေ့စဉ် ၂၀ဦးမှ ၅၀ဦးအထိ ရှိနေသည်။
“ ကျွန်တော်တို့အနေနဲ့ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့်
သင့်လျော် တဲ့အချိန်မှာ သင့်တော်တဲ့ နိုင်ငံကို တရားဝင် ဥပဒေများနဲ့ အညီ၊ စည်းမျဉ်းစည်းကမ်း
သတ်မှတ်ချက်များနဲ့အညီ စေလွှတ်နိုင်ရေးကို စီမံဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု
ပြည်ထောင်စု ၀န်ကြီးဦးသိန်း ဆွေက ပြောသည်။
လတ်တစ်လောတွင် စင်္ကာပူနိုင်ငံသို့ သွားရောက်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်သည့် အလုပ်သမား
များသည် ပြသနာများ ဖြစ်ပွားကာ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ထွက်ပြေးအကူအညီတောင်းခံမှုများ
ဖြစ်ပေါ်နေ သည်ဟု ၄င်းက ဆိုသည်။
“ အဲဒီလို အကူအညီတောင်းခံလာတယ်ဆိုရင် လိုင်စင်မရှိသည့် ကုမ္ပဏီများ၊ လူပွဲစားများဖြစ်တယ်
ဆိုရင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူဖို့အတွက် စဉ်ဆက်မပြတ်
ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအနေဖြင့် ၂၀၁၆ခုနှစ်၊ ဧပြီလမှ
၂၀၁၇ခုနှစ်၊ ဇူလိုင်လအထိ တရားမဝင် လူကုန်ကူးသည့် အမှုပေါင်း ၅၉မှုကို ပြည်ထဲရေးဝန်ကြီးဌာန
လက်အောက်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး ဥပဒေနဲ့အညီ
စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဥပဒေနှင့် အညီ
စနစ်တကျဖြစ် စေရန် ၁၉၉၀ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စတင်ဆောင်ရွက်
ခဲ့သည်။
















