ပြည်ပနိုင်ငံများသို့ တရားမဝင် အိမ်အကူစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများကို
ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်းနှင့် လူပုဂ္ဂိုလ်များကို အမည်မည်းစာရင်း ထည့်သွင်းသည်အထိ
အရေးယူရန် စီစဉ်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုလ ၂၄ ရက်တွင် ပြောသည်။
"သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီး ဖောက်ဖျက်မယ်ဆိုရင် အဲဒီအေဂျင်စီတွေကို
ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု အဆိုပါနေ့က
ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောသည်။
သတ်မှတ်စည်းမျဉ်းများကို ချိုးဖောက်ပြီး မြန်မာအမျိုးသမီး နှစ်ဦးကို အိမ်အကူအဖြစ် လုပ်ကိုင်ရန်
တရားမဝင် စေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လုပ်ငန်းလိုင်စင် သုံးနှစ်
ပိတ်သိမ်းအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်အကူများ ကိုယ်တိုင်က အချက်အလက်
မှန်ကန်ပြည့်စုံစွာပေးရန် လိုအပ်ပြီး ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း
ဦးသိန်းဆွေက ပြောသည်။
"ကျွန်တော်တို့ အနေနဲ့လည်း ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာအိမ်အကူ အလုပ်သမား
စာရင်းကို ကောက်ယူနေပါတယ်၊ အဲဒီစာရင်းအပေါ်မူတည်ပြီး နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ
ဆောင်ရွက်ပြီးတော့ နိုင်ငံသားမှန်ရင် အသိအမှတ်ပြု အထောက်အထားတွေ ထုတ်ပေးသွားဖို့
ရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ အကာအကွယ်နဲ့ အကျိုးခံစားခွင့်ရဖို့ ကိစ္စတွေလည်း
ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
အိမ်အကူအလုပ်သမားများကို ပြည်ပသို့ အလုပ်သမားဝန်ကြီးဌာနက တရားဝင်စေလွှတ်ခြင်း
မရှိသေးသော်လည်း တရားမဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီး
အိမ်အကူအလုပ်သမားအရေအတွက်သည် နေ့စဉ် ၂၀ ဦးမှ ၅၀ ဦးအထိ ရှိနေကြောင်း၊ ၂၀၁၆ ခုနှစ်၊
ဧပြီလမှ ယခုနှစ် ဇူလိုင်လအထိ တရားမဝင် လူကုန်ကူးမှု ၅၉ မှုကို ပြည်ထဲရေးဝန်ကြီးဌာန
လက်အောက်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ
စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
"ကျွန်တော်တို့ အနေနဲ့ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးပြီး
သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ နိုင်ငံကို ဥပဒေနဲ့အညီ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နဲ့အညီ
တရားဝင်စေလွှတ်နိုင်ရေး စီမံဆောင်ရွက်သွားရမှာပါ" ဟု ဦးသိန်းဆွေက ပြောသည်။
















