အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြဿနာကို ဖြေရှင်းနိုင်မည့် အချက်သုံးချက်ကို အမျိုးသားလွှတ်တော်၊
ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီက ဇူလိုင် ၂၇ ရက်ကကျင်းပခဲ့သည့် အမျိုးသား
လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းနိုင်မည့် အချက်တစ်ချက်အဖြစ် အလုပ်သမားရေးရာ
အငြင်းပွားမှု ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေး
အတည်ပြုနိုင်ပါက အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်
ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ အဖွဲ့ဝင်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြံုး အစီရင်ခံဖတ်ကြားရာတွင် ပြောသည်။
''ကော်မတီအနေနဲ့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ ILO ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်း
တွေနဲ့ ့ ပိုမိုရင်းနှီးစွာ ဆက်ဆံနိုင်ပါက အလုပ်သမားထုအတွက် အကျိုးမပြုတဲ့ ဥပဒေတွေ၊
လက်တွေ့မကျတော့တဲ့ ဥပဒေတွေ၊ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲတဲ့ ဥပဒေတွေကို ပြင်ဆင်၊
ဖြည့်စွက်၊ပယ်ဖျက်ရာမှာ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်မှာပါ''ဟု ဒေါ်အိအိပြံုးက ပြောသည်။
ကော်မတီသို့ တိုင်ကြားလာသော အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို ဥပဒေနှင့်အညီ
အကြံပြုရာတွင် နှစ်ဖက်အငြင်းပွားသူ များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ကွင်းဆင်း
စုံစမ်းနိုင်ပါက တရားမျှတမှုဖော် ဆောင်နိုင်ရေးအတွက် အနီးစပ်ဆုံးအဖြေရှာပေးနိုင်လိမ့်မည်
ဖြစ်ကြောင်း တတိယအချက်ကို ၄င်းက ပြောသည်။
အမျိုးသားလွှတ်တော်၊ ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာကော်မတီကို ယမန်နှစ် ဖေဖော်ဝါရီ
၁၉ ရက် က စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ဇူလိုင်လအထိ ပြည်သူများထံက အလုပ်သမားများနှင့်
သက်ဆိုင်သည့် တိုင်ကြားစာပေါင်း ၁၃၃ စောင်လက်ခံရရှိခဲ့ကြောင်း ဒေါ်အိအိပြံုးက ဆိုသည်။
အဆိုပါ တိုင်ကြားစာများအနက် ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် ဖိုင်တွဲသိမ်းဆည်းထားသည့်
ဆောင်ရွက်ရန် မလိုသောတိုင်ကြားစာအမှုတွဲ ၈၅ စောင်၊ တိုင်ကြားသူကာယကံရှင်များနှင့်
ဆက်သွယ်ဆောင်ရွက်ပြီးအမှုတွဲ ၁၅ စောင်၊ ဆောင်ရွက်ဆဲ အမှုတွဲငါးစောင်၊ တိုင်ကြားစာ
၁၁ စောင် စသည်တို့ကို ကော်မတီ၏ စိစစ်တွေ့ ရှိချက်၊ အကြံပြုချက်များနှင့်အတူ သက်ဆိုင်ရာ
ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

















