သေနတ်ပြ ခြိမ်းခြောက်ခဲ့သည်ဆိုမှု ဗိုလ်ချုပ်စိုးရှိန်ဘက်မှ ငြင်းဆို

သေနတ်ပြ ခြိမ်းခြောက်ခဲ့သည်ဆိုမှု ဗိုလ်ချုပ်စိုးရှိန်ဘက်မှ ငြင်းဆို

လယ်ဝေးမြို့နယ်၊ ထုံးဖိုတဲစုရှိ ဒေသခံ တောင်သူ နှစ်ဦးအား သေနတ်ထုတ် ခြိမ်းခြောက်ခဲ့သည့်
စွပ်စွဲချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်စိုးရှိန်၏ ခြံစိုက်တာဝန်ခံ ကိုနေဝင်းစိုးက ပြန်လည်ရှင်းလင်းခဲ့ပြီး
အဆိုပါနေ့က ဗိုလ်ချုပ်စိုးရှိန်ထံတွင် သေနတ်ယူဆောင်လာခြင်း မရှိဟု ဆိုသည်။

"ဗိုလ်ချုပ်က ဒီကိစ္စမဖြစ်ခင်ကတည်းက မျှမျှတတ ညှိနှိုင်းပြီး လုပ်ခဲ့တာပါ။ အဲဒါကို
ကိုအောင်သန်းဦးဘက်က ငွေရလိုတဲ့ဆန္ဒနဲ့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ပါတယ်ဆိုပြီး ၀ါဒဖြန့်ခဲ့
တယ်။ တကယ်တော့ ဇူလိုင်လ ၅ ရက်နေ့က သူက သူ့မြေ ဆိုပြီးပြောတော့ ဗိုလ်ချုပ်ကလည်း
ပိုင်ဆိုင်မှု အထောက်အထားပြလို့ပဲ ပြောရသေးတယ်။ သူက ဘာမှမပြောပဲ ထွက်ပြေးသွားတာ။
နောက်တစ်နေ့မှာတော့ ဧလာရဲစခန်းကိုသွားပြီး သေနတ်နဲ့ ပစ်ပါတယ်ဆိုပြီး မမှန်မကန်ထွက်ဆိုခဲ့
သေးတယ်။ ဒီကိစ္စဖြစ်တဲ့နေ့က ဗိုလ်ချုပ်ဆီမှာ သေနတ် လုံးဝမပါခဲ့ဘူး။ အဝေးကြည့်မှန်ပြောင်း
တစ်ခုပဲ ပါတယ်။ နောက်ပြီး အဲဒီအချိန်မှာ ဗိုလ်မှူးလှိုင်ဖြိုးဝင်းလည်း မရှိပါဘူး။ ကျွန်တော်ရယ်
ကိုစိုးပေနဲ့ ကိုစိန်ဝင်းတို့တော့ ရှိတယ်။ အခုပြောတဲ့ စကားတွေအတွက် ကျွန်တော်အာမခံပါတယ်"
ဟု ၎င်းက ယခုလ ၄ ရက်နေ့ကပြောသည်။

တိုင်ကြားသူ ကိုအောင်သန်းဦး၏ လုပ်ကိုင်နေသည့် ယာမြေ ၁၅ ဧကအား ၂၀၁၀ ပြည့်နှစ်
ကတည်းက တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ၀ယ်ယူထားပြီးဖြစ်သလို ယခုမြေကို
ကိုအောင်သန်းဦး အနေဖြင့် တရားဝင် ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ခြင်းမရှိဟု ဆိုသည်။

ထို့ပြင် ယခု ညှိနှိုင်းနေသည့် ယာမြေသည် ဦးစိုးရှိန် အမည်ပေါက်ဖြင့် ၂၀၁၀ ပြည့်နှစ်က
မန္တလေးတိုင်းဒေသကြီးရှိ မြေလွတ်၊ မြေရိုင်း ကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို
နှစ်ရှည်သီးနှံပင်/ဥယျဉ် ခြံသီးနှံ စိုက်ပျိုးမှုအတွက် နှစ် ၃၀ စာ လုပ်ပိုင်ခွင့်ပြုသည့် အမိန့်စာ
(မြေစာရင်းပုံစံ ၁၀၅ နှင့် ၁၀၆)ကို တရားဝင် လျှောက်ထားရရှိထားသည့် ၁၆၀ ဒသမ ၃၂ ဧက
အတွင်းပါ၀င်သောမြေဖြစ်သည်ဟု သိရသည်။

အဆိုပါ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသော ၁၆၀ ဒသမ ၃၂ ဧကအတွင်း ပါ၀င်သည့် ယာမြေ
ပိုင်ရှင်တောင်သူများဖြစ်သော ကိုမောင်ဝင်းနှင့် ကိုပွကြီးတို့၏ ယာမြေများကို ညှိနှိုင်းမှုအဆင်ပြေ
သောကြောင့် ဗိုလ်ချုပ်စိုးရှိန်က ၀ယ်ယူမည်ဟု သိရသည်။

လက်ရှိတွင် ကိုကျော်ဆန်း၏ ယာမြေ ၁၄ ဧက အား ဇွန်လက စတင်ညှိနှိုင်းခဲ့ပြီး ဇူလိုင်လတွင်
ညှိနှိုင်းမှု အဆင်ပြေခဲ့၍ တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲနှုန်းဖြင့် ၀ယ်ယူခဲ့ပြီး ယခုတစ်ရာသီအတွက်
၎င်းစိုက်ပျိုးထားသည့် နှမ်းနှင့် ကြံများ ရိတ်သိမ်းပြီးမှသာ ရွှေ့ပြောင်းမည်ဖြစ်သည်။

ဗိုလ်ချုပ်စိုးရှိန်သည် ထိုသို့သော မြေယာအရှုပ် အရှင်းပြဿနာများမရှိစေရန် ၂၀၁၀ ပြည့်နှစ်ကပင်
၁၆၀ ဒသမ ၃၂ ဧကထဲမှ တောင်သူရှစ်ဦးခန့်၏ ယာမြေ ဧက ၆၀ ခန့်အား စာချုပ်ချုပ်ဆိုကာ
တရားဝင် ၀ယ်ယူထားခဲ့သည်ဟု သိရသည်။

၎င်းလုပ်ကိုင်ခွင့်ရရှိထားသည့် တောရိုင်းမြေအတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဧက ၃၀ တွင်
နှစ်ရှည်ပင်များဖြစ်သည့် ဇီးနှင့် မန်ကျည်းပင်များကို စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းမြေလွတ်၊
မြေရိုင်းပေါ်၌ပင် ထပ်မံ၍ ဧက ရ၀ ခန့်ကို တိုးချဲ့စိုက်ပျိုးထားသည်ဟု သိရသည်။

"ဒီမြေကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် သိရသလောက်တော့ တောင်သူကလည်း သူ့ရဲ့ ဧကအထဲ
မှာပါနေသလို ပြောနေတယ်။ တစ်ဖက်ကလည်း ဦးစိုးရှိန် နာမည်နဲ့ တရားဝင်လုပ်ကိုင်ခွင့်လျှောက်
တုန်းက အမှန်တကယ် လုပ်ကိုင်စားသောက်နေတဲ့မြေတွေ လုံးဝမပါခဲ့ဘူး။ မြေလွတ်၊ မြေရိုင်းတွေ
ကိုပဲ လျှောက်ထားခဲ့တာ။ အခုဖြစ်တဲ့ ကိစ္စမှာလည်း တောင်သူတစ်ယောက်အနေနဲ့ သူ့မြေလို့
ပြောရင် အဲဒီမြေပေါ်မှာ တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိဘူးဆိုရင် တရားမဝင်ဘူး။နိုင်ငံတော်ပိုင်
မြေလို့ပဲ သတ်မှတ်ထားတယ်။ ဒါပေမဲ့လည်း တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသူရှိရင် သူနဲ့ပဲ
ဆိုင်တယ်။ အဓိကကတော့ မြေစာရင်းပေါက်တာ၊ မပေါက်တာနဲ့ မဆိုင်ပါဘူး။ အမှန်တစ်ကယ်
စိုက်ပျိုးလုပ်ကိုင်ဖို့ပဲ လိုပါတယ်" ဟု လယ်ဝေး၊ မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး
ကိုဌေးဇော်ဦးက ပြောသည်။

ဗိုလ်ချုပ်စိုးရှိန်ကဲ့သို့ပင် ထုံးဖိုတဲစုရှိ ကိုမောင်ဝင်း၏ ဇနီးဖြစ်သူ မခင်တင့်ကို ကိုယ်ထိလက်ရောက်
ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူ ကိုလှိုင်ဖြိုးဝင်းကလည်း မဟုတ်တမ်းတရား စွပ်စွဲထားခြင်းဖြစ်
ကြောင်း ပြောကြားသည်။

"ကျွန်တော်က ဗိုလ်ချုပ်ရဲ့ တပည့်တော့မဟုတ်ဘူး။ လုပ်ငန်းအရပဲ ကူညီပေးတာရှိတယ်။
တစ်ဖက်နဲ့ တစ်ဖက် စိုက်ပျိုးလုပ်ကိုင်သူအချင်းချင်း ရင်းနှီးခင်မင်တဲ့ သဘောပဲရှိတယ်။ အဲဒါကို
ဒီကိစ္စမှာ ကျွန်တော်က ဗိုလ်ချုပ်ရဲ့ တပည့်ဆိုပြီး တောင်သူတွေက ပြောနေတယ်။ ဗိုလ်ချုပ်မြေနဲ့
ပတ်သက်ပြီးတော့လည်း သူကအစကတည်းက ကြေးတိုင်ပြင်ပမြေကိုပဲ လျှောက်ခဲ့တာ။ လက်ရှိ
တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ယာမြေတွေကို လျှောက်ခဲ့တာမဟုတ်ဘူး။ သူ့ရဲ့
၁၆၀ ဒသမ ၃၂ ဧကထဲမှာပါတဲ့ တောင်သူတွေကိုတောင် အရင်အတိုင်းပဲဆက်ပြီး လုပ်ကိုင်
စားသောက်ပါ။ ဒီလိုမှမဟုတ်ရင် ရောင်းချင်လည်း ရောင်းပေါ့။ တကယ်လို့ ရောင်းမယ်ဆိုရင်လည်း
မြေအနေအထားအပေါ် မူတည်ပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူပေးမယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က
သစ်တော၊ သစ်ပင်တွေကို ချစ်မြတ်နိုးသူ တစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့ တောရိုင်းမြေထဲကို ၀င်ပြီး
သစ်ပင်တွေ မခုတ်ဖို့တော့ တောင်သူတွေကို ပြောထားတယ်။ အခုဖြစ်တဲ့ ကိစ္စမှာလည်း တောရိုင်း
မြေက ဗိုလ်ချုပ်ရဲ့ မြေဧရိယာထဲမှာ ပါနေတဲ့အတွက် ကိုအောင်သန်းဦးက သာ သိသိသာသာ
ကျူးကျော်ပြီး သစ်ပင်တွေကို ၀င်ခုတ်ခဲ့တာလို့ သိရတယ်။ သေနတ်နဲ့ ခြိမ်းခြောက်တယ်ဆိုတာ
လည်း ၀ါဒဖြန့်ပြီး တစ်ဖက်အပေါ် နိုင်ငံရေးအရ သိက္ခာကျဆင်းမှု ပြုလုပ်နေတယ်လို့လည်း
ထင်မြင်မိပါတယ် " ဟု ၎င်းက ပြောသည်။

၎င်းသည် တပ်မတော်မှ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင်
စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။

"ညှိနှိုင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း အခု နောက်ပိုင်း ကိုအောင်သန်းဦးနဲ့ တစ်ခါမှ မညှိ နှိုင်းခဲ့ဘူး။
သူတို့က တစ်ဖက်သတ်ပြောခဲ့တာ။ တကယ်လို့ ညှိနှိုင်းမယ် ဆိုရင်တောင် ဗိုလ်ချုပ်က ကျွန်တော့်
ကိုပဲ တိုင်ပင်ပါတယ်။ အဲဒါကြောင့် သူနဲ့ တစ်ခါမှ ညှိနှိုင်းခဲ့ခြင်း မရှိပါဘူး "ဟု ကိုလှိုင်ဖြိုးဝင်းက
ပြောသည်။

ဗိုလ်ချုပ်စိုးရှိန်နှင့် ကိုလှိုင်ဖြိုးဝင်းတို့ကို ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ ဖြင့်
တိုင်ကြားထားသူ ကိုအောင်သန်းဦးသည် ခြိမ်းခြောက်သည်ဆိုသော ကိစ္စမဖြစ်ပေါ်ခင် ဇူလိုင်လ
၄ ရက်နေ့က ၁၆၀ ဒသမ ၃၂ ဧက အတွင်း ဇီးနှင့် မန်ကျည်းပင်များ စိုက်ပျိုးနေသည့် နေ့စား
အလုပ်သမားများကို တောရှင်း ဓားကိုင်ဆောင်ပြီး ခြိမ်းခြောက်ကာ ၎င်း၏မြေဟု ဆိုကာ
သစ်ပင်များကို အတင်းအဓမ္မဝင်ရောက် ခုတ်ခဲ့သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က ဗိုလ်ချုပ်စိုးရှိန်က တောင်သူ ကိုအောင်သန်းဦးအား ၎င်းပိုင်
ယာမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးသဖြင့် သေနတ်ထုတ်ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ
ကိုအောင်သန်းဦးက ရဲစခန်းသို့ တိုင်ကြားခဲ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး