ယခုလ ရ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း ရ လမ်းတွင် ကိုလင်းထိန်
(၂၉ နှစ်)ကို 'ကယန်း အဖွဲ့အစည်း'ကဟု ပြောဆိုကာ လူငါးယောက်က ကျင်စက်ဖြင့်တို့၍ ဖမ်းဆီး
ခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ လူငါးဦးတွင် ကျင်စက်အပြင် ပစ္စတိုသေနတ်နှင့် လက်ထိတ်တို့ပါရှိပြီး ပြောက်ကြား
အဝတ်အစားများ ၀တ်ဆင်ထားသည်ဟု ဆိုသည်။
"သူတို့က ကျင်စက်နဲ့ တို့တယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခု နာမည်ကို သုံးပြီး သေနတ်ပြပြီး
ခေါ်သွားတာ တွေ့ရတယ်"ဟု အဖြစ်အပျက်ကို တွေ့ရှိခဲ့သူ မျက်မြင်သက်သေတစ်ဦးက
ပြောသည်။
"ယခုလ ၉ ရက်နေ့ညက လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းရွာမှာ ဦးစိုးသိန်းကို ဖမ်းမိတယ်။ ကျန်တဲ့
သူတွေကိုတော့ စုံစမ်းနေတုန်းပဲ"ဟု ပျဉ်းမနား မြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲတပ်ကြပ်ကြီးတစ်ဦးက
ယခုလ ၁၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သူများသည် 'ကယန်း အဖွဲ့အစည်း'ကဟု ပြောဆို သုံးနှုန်းထားခြင်းကိုလည်း
အသေးစိတ် စစ်ဆေးသွားမည် ဟု သိရသည်။
"အဖွဲ့အစည်းကလို့ ပြောပေမယ့် အသေးစိတ်တော့ မစစ်ဆေးရသေးဘူး"ဟု ၎င်းက ပြောသည်။
အဆိုပါ လူငါးယောက်အနက် အသက် ၅၀ အရွယ်ရှိ ဦးစိုးသိန်း နှင့် အသက် ၃၀ အရွယ်ရှိ မင်းမင်း
တို့နှစ်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့မှ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ်ရှိ ကိုလတ်၊ အသက်
၃၀ အရွယ်ရှိ ကျော်ကျော်(ခ)ငကျော်နှင့် အသက် ၅၀ အရွယ်ရှိ ကယန်းပြည်သစ်ပါတီ တာဝန်ခံ
ဟောင်းဖြစ်သူ ဦးသိန်းအောင် တို့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဖြစ်သည်ဟုဆိုသည်။
၀ပ်ရှော့တစ်ခုတွင် ကိုလင်းထိန် ကားပြင်နေစဉ် မတ်တူးအမျိုးအစားကား တစ်စီးနှင့် ဆိုင်ကယ်
နှစ်စီးတို့ဖြင့် ရောက်လာပြီး ထိုကဲ့သို့ ဖမ်းခေါ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာလ ၈ ရက်နေ့တွင် ပျဉ်းမနား မြို့မရဲစခန်းက
(ပ)/ ၅၅၉/၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။
















