ထုတ်ပြန်ထားသည့် ဥပဒေအတိုင်း ဘက်လိုက်မှုမရှိ မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက
တရားရင်ဆိုင် သွားမည်ဟု နေပြည်တော်နယ်မြေ၌ ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့်
ဖြစ်ရပ်တွင် ပါ၀င်ခဲ့သည့် တောင်သူများက စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။
ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာနေ တောင်သူလေးဦးကို (ပ)၆၁/၂၀၁၃၊ (ပ)၆၂/၂၀၁၃၊ (ပ)၁၀၄/
၂၀၁၃၊ (ပ)၁၀၅/၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အမှု
အတွက် တရားခံဟု သတ်မှတ်၍ စက်တင်ဘာလ ၁၉ ရက် နေ့ နံနက် ၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်
၂၀ ခန့် က လက်နက်အပြည့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု
ဆက်လက်ဖြစ်ပွားခဲ့သည်။
ရွာသားများက ၀ုိင်းဝန်းကာ လာ ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များ ကို ဖမ်းဆီးချုပ်နှောင်ထား
သည့်အတွက် ရဲတပ်ဖွဲ့က အင်အားဖြင့် ပြန် လည်သွားရောက် ကယ်တင်မှု ဆောင်ရွက်ခဲ့ရသည်ဟု
သိရသည်။
"တကယ်ဆို သူတို့အနေနဲ့ အခင်း ဖြစ်ချိန်တုန်းက အဖမ်းမခံချင်လို့ ပြေး မယ်ဆိုလည်း ပြေးလို့ရ
တယ်။ ကျွန်တော် တို့ကိုတော့ ဘာမှပြန်မလုပ်သင့် ဘူး။ ပြေးရင်လည်း ကျွန်တော်တို့က ဖမ်းဖို့ပဲ
ရှိတယ်။ ရွာသားတွေကို ဘာမှ ပြန်ခုခံဖို့ မရှိပါဘူး။ အခုက ဖြေရှင်း နည်း မှားနေတယ်။ ပြီးတော့
ဒီလို အော်မယ်၊ ဒီလို လုပ်မယ်ဆိုပြီး အစီ အစဉ်တကျ လုပ်တယ်လို့ ထင်တယ်"ဟု ပုဗ္ဗသီရိမြို့နယ်၊
နယ်ထိန်း ဒုရဲအုပ် ၀င်းဘိုက ပြောသည်။
ဖမ်းဆီးသည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထပ်မံဖြစ်ပွားသည့်အချင်း ကိစ္စကို ဇေယျာသီရိ
မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ၀ဲကြီးရွာသား ငါးဦး ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၃/ ၂၉၄/
၁၁၄ ဖြင့် အမှုဖွင့်အရေးယူပေး ပါရန် ကျည်တောင်ကန်နယ်မြေရဲ စခန်းသို့ ထပ်မံတိုင်ကြားထား
ကြောင်း သိရသည်။
အထက်ပါတိုင်ကြားစာ၌ ရဲတပ်ဖွဲ့ ၀င်များသည် တရားခံလေးဦးကို ဖမ်းဆီးရန် သက်သေ
ဆယ်အိမ်မှူး၊ ရပ်မိ ရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် ၀င်ရောက်ဖမ်းဆီးစဉ် တရားခံကိုဖမ်းဆီး
ရမိခဲ့သော်လည်း တရားခံမိသားစု များက သူခိုး၊ ဓားပြ၊ မီးမီးဟု အော်ဟစ်ခြင်းကြောင့် ရွာသားများ
ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံရာတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးကို ရွာသားများက ရွာပြင်
သို့ပြန်မထွက်နိုင်အောင် ပိတ်ဆို့ဝိုင်းထားခဲ့သည်ဟု ပါရှိသည်။ ထို့အတွက် စက်တင်ဘာလ
၁၉ ရက် နေ့၊ နံနက် ၅ နာရီတွင် ရဲတပ်ဖွဲ့အင်အား ဖြင့် ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။
"ဖမ်းဆီးစဉ် ပါလာတဲ့ ဆယ်အိမ်မှူး က ဟိုဘက်ရွာကပါ။ ကိုယ့်ရွာက ပါမလာတာတော့ သေချာ
တယ်။ ၀ဲကြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း တကယ်တမ်း နေတာက ကိုယ့်မြို့နယ်ထဲမှာမနေ
ဘူး။ ဇေယျာသီရိအုပ်စုထဲ မှာ နေတယ်။ အိမ်ပေါ်ကို အကြမ်းဖက်ဆန်ဆန် တက်လာတယ်။
လည်ပင်းကို နင်းပြီး လက်ထိတ်ခတ်တယ်။ ဒါလား ပြည်သူတွေအတွက် ပြည်သူ့ရဲဆိုတာ" ဟု
ရွာသားတစ်ဦးက ပြောသည်။
"တရားရင်ဆိုင်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ တပ်ချင်တဲ့ပုဒ်မတပ်၊ ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီး
တာတွေကို ဘယ်လိုမှ လက်မခံနိုင်လို့ပါ။ ကိုယ်တွေဘက်ကနေ တရားဥပဒေအတိုင်း ခိုင်ခိုင်မာမာ
ရပ်တည်ပေးမယ့် ကိုယ်စားလှယ်တေ၊ွ အဖွဲ့အစည်းတွေနဲ့ဆို ရင်ဆိုင်သွားမှာပါ။ လာရောက်ဖမ်းဆီး
စဉ်က အခြေအနေကို ဘာမှ ထပ်မပြောချင်ဘူး။ "အမှန်အတိုင်း သိချင်တယ်ဆို အိမ်ခြေ ၃၈၀
ကျော်ရှိတဲ့ ၀ဲကြီးရွာသားတွေကို လာမေးကြပါ"ဟု ကိုဇော်လတ် မိသားစုဝင် တစ်ဦးကပြောသည်။
"အမှန်တကယ် ကျူးလွန်တဲ့သူ တွေကိုဘဲ ဥပဒေအကြောင်းအရပဲ ဆောင်ရွက်သွားမယ်။ ဒါက
သူတို့အခု လိုလုပ်တယ်ဆိုပြီး ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခြင်း မဟုတ်ဘူး။ နောက်ပြီး ဥပဒေအရ
သာ ဆောင်ရွက်ခြင်းဖြစ်တယ်"ဟု ကျည်တောင်ကန်စခန်းမှူး ရဲအုပ်စိန်သောင်းက စက်တင်ဘာလ
၂၁ ရက်နေ့တွင် ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနပိုင်မြေ ပေါ်တွင် ၀ဲကြီးရွာသားများက လယ်ယာမြေ ၀င်ရောက်ခုတ်ထွင်
ရှင်းလင်းခဲ့ရာမှ အဆိုပါ အမှုများ စတင်ဖြစ်ပွား လာခြင်းဖြစ်သည်ဟု ဆိုသည်။
"ခုတ်ထွင်ရှင်းလင်းတဲ့ လယ်ထဲမှာ ယူကလစ်ပင်ပါလို့ ဆိုရင်တော့ နိုင်ငံအနှံ့မှာ ခရိုနီအုပ်စုကြီးတွေ
ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေကွက်တွေထဲက ယူကလစ်ပင်တွေ ခုတ်လိုက်တာတွေကိုရော
ဘယ်ပုဒ်မနဲ့အရေးယူတာရှိခဲ့ဘူးလဲ။ ကျွန်တော်တို့လယ်ထဲက ယူကလစ်ပင်ကိုလည်း ကျွန်းလို့ဆို
ပြန်တယ်။ ယူကလစ်ငုတ် ရှိပါတယ်။ လာကြည့်ကြပါ"ဟု မိသားစုဝင်တစ်ဦး က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ၀ဲကြီး ရွာသားများ ဖြစ်ပွားနေသည့် လယ်ယာ မြေပြဿနာများတွင်
ပြန်ကြားရေးဘက်မှ ထိုက်တန် သည့်နစ်နာကြေးပေး အပ်ပြီးဟု ဆိုသော်လည်း ယခုအမှုဖွင့်ခံထား
ရသည့်တောင်သူ ၁၀ ဦးကမူ မည်သည့်လျော်ကြေး၊ နစ်နာကြေးတို့ ကိုမှ ရရှိခြင်း မရှိသေးဟု
ဆိုသည်။
စက်တင်ဘာလ ၂၃ ရက်နေ့အထိ သိရှိရသည်မှာ ဆေးရုံရောက်ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ခုနစ်ဦးကို
စစ်ဆေးခြင်း၊ မင်္သာကာဖွယ် ရွာသားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ဆောင်ရွက် ရန်စီစဉ်လျက်
ရှိသည်ဟု ဆိုသည်။
တရားစွဲဆိုခြင်းခံထားရသည့် ရွာသား ၁၀ ဦးတို့အနက် လက်ရှိအချိန်တွင် လေးဦးမှာ ထွက်ပြေး
တိမ်းရှောင်နေပြီး ကျန်ရှိသူများမှာ ၀ဲကြီးရွာတွင်အမှုရင်ဆိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
"ဖြစ်တုန်းက ကျွန်တော်မရှိတော့ သိပ်မသိဘူး။ ကျွန်တော့်အနေနဲ့တော့ ဒီကိစ္စမှာ တစ်ရွာလုံးက
ပါ၀င်နေတယ်ဆိုပေမယ့် မသက်ဆိုင်တဲ့သူတွေ မပါစေချင်ဘူး။ အဲဒါကြောင့် ရွာသားတွေ အားလုံး
ကို မနစ်နာစေချင်တဲ့အတွက် အမှန်တကယ် အပြစ်ရှိတဲ့သူကိုပဲ တရားဥပဒေအတိုင်း လုပ်စေချင်
တယ်"ဟု ၀ဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မြန်မာတိုင်း(မ်)ကို ပြောသည်။
















