နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး
ရေလျှံမှုများဖြစ်ပွားရာ လူတစ်ဦးသေဆုံးခဲ့ပြီး လယ်ယာဧက ၂၀၀ ခန့်ရေနစ်မြုပ်နေသည်ဟု
တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်၊ ည ၁၁ နာရီခန့်မှ စတင်ရွာသွန်းခဲ့သော မိုးကြောင့် လယ်ဝေးမြို့နယ်၊
ခရမ်းကိုင်၊ ညောင်ကုန်း၊ သရက်ခုံနှင့် ဆင်ဆိပ်ကျေးရွာများတွင် ၂၅ ရက်၊ နံနက် ၂ နာရီခန့်မှစတင်
ရေများတက်လာခဲ့ပြီး ဆင်ဆိပ်ကျေးရွာတွင် အဆိုးရွားဆုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"ဖြစ်တာက မနက် ၉ နာရီခွဲလောက်မှာပါ။ ရေနစ်တဲ့သူက အသက် ၂၀ အရွယ်ပါ။ ရေကြီးလို့
ကြွက်ရှာရင်းကနေ ရေပြွန်ထဲကျပြီး သေဆုံးသွားတာပါ"ဟု ခရမ်းကိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး
ဦးကျော်နိုင်က ပြောသည်။
ရေကြီးမှုဖြစ်စဉ်တွင် လူသုံးဦးရေနစ်မှု ဖြစ်ပွားခဲ့သော်လည်း နှစ်ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်
ဟု ၎င်းက ဖြည့်စွက် ပြောသည်။
မိုးရွာသွန်းမှုများသည် နံနက် ၃ နာရီခန့်တွင် ရပ်တန့်သွားသွားသော်လည်း ရုံးပင်ချောင်းမှ ရေများ
ကျေးရွာများအတွင်းသို့ ဆက်လက်ဝင်ရောက်နေသည်ဟု ဒေသခံများက ပြောသည်။
"ကျွန်မရဲ့ လယ်ဧက သုံးဧက ရေမြုပ်သွားပါတယ်။ စိုက်တာကတော့ ပုလဲသွယ်မျိုးစပါးပါ" ဟု
ဆင်ဆိပ်ရွာနေ ဒေါ်ဇော်က ပြောသည်။
ရေနစ်မြုပ်ရာကျေးရွာများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဦးဆောင်၍ ဒေသခံကြက်ခြေနီများ
အပါအဝင် ၅၀ ဦးခန့်၊ နယ်မြေခံ တပ်မတော်သား ၆၀၊ ဒေသခံပြည်သူများ၊ မီးသတ်သမားများက
ဒုက္ခသည်များကို လယ်ဝေးမြို့နယ်၊ ရန်အောင်မြင် ဘုရားဝင်းသို့ ပို့ဆောင်ကာ စားနပ်ရိက္ခာများ
ကူညီမှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။
















