မြေကွက် ပြန်မရသူများ ဆန္ဒထုတ် ဖော်ရန်စီစဉ်

မြေကွက် ပြန်မရသူများ ဆန္ဒထုတ် ဖော်ရန်စီစဉ်

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၌ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ရပ်ကွက်
အသစ်ဖော်ထုတ်ရာ၌ ရွှေကြာပင်ရပ်ကွက်၊ နန်းဦးဘုန်းကြီးကျောင်း ပတ်ဝန်းကျင်အနီး သိမ်းထား
သည့် လယ်ယာမြေ ၆၅ ဧကခန့်ကို လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲနှုန်းဖြင့်
ပေးခဲ့သည့်အပြင် ပေ ၆၀ ပတ်လည် အကွက်များ ပြန်ပေးမည့် ကတိမတည်ဟုဆိုကာ ဇမ္ဗူသီရိ
မြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ မြေကွက်အစားပြန်မရသူ ၂၄ ဦးက ဆန္ဒဖော်ထုတ်သွားမည်ဟု
ဆိုသည်။

"အဲဒီတုန်းက နေပြည်တော် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ကိုယ်တိုင် နှုတ်ကတိ
ပေးခဲ့တယ်၊ ကျွန်တော်တို့လည်း လျော်ကြေးအပြင် မြေကွက် အစားပြန်ပေးမယ်ဆိုတော့
မျှော်လင့်ပြီး ဒီနေ့၊ ဒီအချိန်အထိ စောင့်နေခဲ့တယ်၊ အသနားခံစာတွေလည်း သက်ဆိုင်ရာဌာန
တွေကို တင်ခဲ့တယ်၊ ဒါပေမဲ့ ဘာမှမထူးဘူး၊ အဲဒါကြောင့် အခု တရားဝင် ဆန္ဒဖော်ထုတ်သွားဖို့
စီစဉ်နေတယ်"ဟု မြေကွက်အစား ပြန်မရသူ ဦးအောင်ကျော်မြင့်က စက်တင်ဘာလ ၂၈ ရက်နေ့
တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

နေပြည်တော် စည်ပင်သာရေး ကော်မတီသည် လယ်ယာမြေအသိမ်းခံ ရသောတောင်သူများ
မနစ်နာစေရေးအတွက် ရွှေကြာပင်ရပ်ကွက်ထဲတွင် ၆၀x၆၀ ပေ အိမ်ဝိုင်းခြံမြေအစား ပြန်ပေးမည်
ဟု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က တောင်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း
ဖြစ်သည်ဟု ၎င်းက ပြောသည်။

"သူတို့ဘက်က မြေကွက် အစားပြန်ပေးမယ်လို့ပြောခဲ့တယ်၊ တကယ်တမ်းတော့ သူတို့နဲ့ အဆင်
ပြေတဲ့သူတွေပဲ ရသွားတယ်၊ ရတဲ့သူတွေကလည်း ဒေသခံ တစ်ယောက်မှမပါဘူး"ဟု အောင်ဇမ္ဗူ
ရပ်ကွက်ရှိ ၆ ဒသမ ၂၃ ဧက အသိမ်းခံခဲ့ရသူ ကိုဇော် က မြန်မာတိုင်း(မ်) ကို ပြောသည်။

အဆိုပါ မြေကွက်အစားပြန်မရသူ ၂၄ ဦးသည် တရားဝင် ဆန္ဒဖော်ထုတ်ရန် စက်တင်ဘာလ ၃၀
ရက်နေ့က ဒက္ခိဏသီရိခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ခွင့်ပြုရန် ခေါင်းစဉ်ဖြင့် စာတင်ထားသည်ဟု သိရသည်။

"တောင်သူတွေအနေနဲ့တော့ ရင်ထဲမှာ ခံစားရမှာပေါ့၊ ဒါပေမဲ့ ကျေကျေနပ်နပ် နဲ့ အသိမ်းခံရတာ
တွေလည်း အများကြီးရှိပါတယ်၊ ကျွန်တော့်အနေနဲ့တော့ ဆန္ဒဖော်ထုတ်တဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး၊
အဓိကနယ်မြေဖြစ်နေလို့ ညှိညှိနှိုင်းနှိုင်းနဲ့ပဲ ဖြစ်စေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ အခုဆိုရင်
မြေယာစိစစ်ရေး ကော်မတီဆိုတဲ့ အဖွဲ့လည်း ရှိနေပြီလေ" ဟု ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
က စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး