ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ကျည်ထောင်ကန်၊ ရွှေတွင်း
ကုန်းနှင့် ရေဆင်း ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာသား လေးဦး ကို
သွားရောက်ဖမ်းဆီးခဲ့ရာမှ ရွာသူ၊ ရွာသားများက 'သူခိုး၊ ဓားပြ' ဟု အော်ကာ တုတ်၊ ဓားများဖြင့်
၀ိုင်းဝန်းရိုက်နှက် အကြမ်းဖက်ခဲ့သည်ဆိုသည့် အမှုတွင် အဓိကပါ၀င်သည်ဆိုသူ ၁၀ ဦးကို
အောက်တိုဘာလ ၁၁ ရက်နေ့က မြို့နယ်တရားရုံး၌ စတင်ရုံးထုတ် စစ်ဆေးခဲ့သည်။
"အမှုမှာ အဓိကပါ၀င်တဲ့ ၁၀ ဦးကိုပဲ ရုံးထုတ်တာပါ။ ကျန်တဲ့ ရွာသူ၊ ရွာသား တွေကိုတော့ စစ်ဆေး
ဖို့မရှိပါဘူး။ စစ်ဆေးနေချိန်မှာလည်း ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားမှာပါ။ သူတို့က လာပြီး
အဖမ်းခံတဲ့နေ့ပဲ ပထမ ယမန်ယူတယ်။ အဲဒါက ၁၁ ရက်နေ့မှာ ကုန်သွားပြီ။ ဒုတိယ ယမန်ကတော့
ဒီနေ့ မှာ ၁၅ ရက် ထပ်ယူပါတယ်။ အခုလော လောဆယ်တော့ စစ်ဆေးဆဲကာလလို့ပဲ ပြောရမှာ
ပါ"ဟု ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်ထောင်ကန် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်သောင်းက ယခုလ
၁၁ ရက်က ပြောသည်။
အဆိုပါ ၁၀ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၃၊ ၂၉၄ နှင့် ၁၁၄ တို့ ဖြင့် ကျည်ထောင်ကန် မြို့မ
ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး လာရောက် ဖမ်းဆီးခံခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က
စတင်ခါ ထုံးဖိုရဲစခန်း၌ ထိန်းသိမ်းထားခဲ့သည်။
အမှုဖွင့်ကာ ထိန်းသိမ်းခံနေရသည့် ရွာသား ၁၀ ဦးဘက်က ပြန်လည် တရားစွဲမည့်အစီအစဉ်
ရှိသော်လည်း လက်ရှိအခြေအနေကြောင့် တရားစွဲရန် မဖြစ် နိုင်သေးကြောင်း ၀ဲကြီးကျေးရွာမှ
ဦးမြင့်အေးက ပြောသည်။
"အမှုဖွင့်၊ တရားပြန်စွဲဖို့ရှိတယ်။ အခုအချိန်အထိတော့ မလုပ်သေးဘူး၊ လုပ်မှာပါ"ဟု ၎င်းက ယခုလ
၁၁ ရက်နေ့က ပြောသည်။
ရုံးထုတ်သည့်နေ့တွင် နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင် က ပွင့်လင်းမြင်သာစွာ
စစ်ဆေးမည်ဟု ဆိုကာ ရွာသူ၊ ရွာသားများအား လာရောက် ကြည့်ရှု၊ နားထောင်နိုင်ကြောင်းကို
၀ဲကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျည်ထောင်ကန် မြို့မရဲစခန်းတို့၌ ပြောခဲ့သည့်အတွက် ရွာသူ၊
ရွာသား ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့တော့ ဒီအမှုကို စစ်ဆေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးစေချင်တယ်။
ရဲမှားရင် ရဲကို တရားဥပဒေအတိုင်းလုပ်ဖို့၊ ပြည်သူလူထုက မှားတယ်ဆိုလည်း တရားဥပဒေအတိုင်း
ကျောသား၊ ရင်သား မခွဲခြားဘဲ လုပ်စေချင်ပါတယ်"ဟု ၀ဲကြီးကျေးရွာမှ ဦးမောင်ရီ (ခေါ်)
နေမိုးအောင်က ပြောသည်။
"၀ဲကြီးရွာမှာဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာပဲ။ ကျန်တာကတော့
ပြောလို့မရဘူး။ ကျွန်တော်တို့ အပိုင်းမဟုတ်ဘူး" ဟု ပုဗ္ဗသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဦးတင့်ကျော်လွင်က ယခုလ ၁၁ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

















