နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်၌ ပထမဆုံး မွေးဖွားခဲ့သည့် သစ်ကုလားအုတ်လေးအား အခြား
တိရစ္ဆာန်ဥယျာဉ်များသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အခုပေါက်တဲ့ သစ်ကုလားအုတ် အမလေး အတွက် အမည်တော့မပေးရသေးဘူး။ နောက်ပြီးသူ့ကို
ဒီမှာပဲထားမှာပါ။ တခြားတိရစ္ဆာန်ရုံတွေကို ပြောင်းရွှေ့ဖို့ အစီအစဉ် မရှိပါဘူး" ဟု တိရစ္ဆာန်ဥယျာဉ်
အုပ်ချုပ်ရေးမှူး ဦးခင်မြင့်က ပြောသည်။
လေ့လာကြည့်ရှုရန် ပြသထားသည့် သစ်ကုလားအုတ်များအနက် ဖခင် သစ်ကုလားအုတ် 'အာနိုး'
နှင့် မိခင် 'သဲစု' တို့က သစ်ကုလားအုတ် အမလေး တစ်ကောင်ကို အောက်တိုဘာလ ၁၅ ရက်က
ပထမဆုံးအကြိမ်အဖြစ် ပေါက်ဖွားခဲ့သည်။
အဆိုပါ သစ်ကုလားအုတ်အမလေးကို မိခင်ဖြစ်သူ 'သဲစု'က ရက်ပေါင်း ၄၅၀ တိတိကိုယ်ဝန်ဆောင်
ခဲ့ရပြီး မွေးဖွားပြီးချိန်ကစကာ ကျန်းမာသန်စွမ်းလျက်ရှိသည်ဟု သိရသည်။
ဖခင်ဖြစ်သူ 'အာနိုး' မှာ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလက အာဖရိကနိုင်ငံမှရောက်ရှိ လာသည့်
သစ်ကုလားအုတ် ခြောက်ကောင်ထဲမှ တစ်ကောင်အပါအဝင် ဖြစ်ပြီး မိခင်ဖြစ်သူ 'သဲစု' မှာ
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလက ထိုင်းနိုင်ငံ Safari Park Open Zoo (Thai Sawat Company) ၏
လှူဒါန်းမှုဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၎င်းတို့၏ အသက်များမှာ ငါးနှစ်ခွဲခန့် ရှိနေပြီဖြစ်သည်။
သစ်ကုလားအုတ်များ၏ သက်တမ်းသည် ပျမ်းမျှအားဖြင့် နှစ် ၂၀ မှ ၂၅ နှစ်အထိရှိသည်။
ယခုပေါက်ဖွားသည့် သစ်ကုလားအုတ် အမလေးကဲ့သို့ ယခင်က ရေမြင်း၊ မြင်းကျား၊ ဘို့တစ်လုံး
ကုလားအုတ်၊ ဆိတ်ဆတ်၊ သားပိုက်ကောင်နှင့် ကျားဖြူစသည့် တိရစ္ဆာန်များလည်း ပေါက်ဖွားခဲ့ဖူး
သည်။

















