မြန်မာ့ရုပ်မြင်သံကြား၏ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသုံးခုကို စတင်ထုတ်လွှင့် ပေးနေပြီဖြစ်ရာ
Analogue တီဗီများနှင့် တွဲဖက်ကြည့်ရှုရမည့် DVB-T2 MPEG-4 Set-top Box ဈေးနှုန်းကိုလည်း
အခြေခံလူတန်းစားများအတွက် အခက်အခဲမဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြည်သူများ၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ၀င်ငွေနှင့် နေထိုင်မှုအဆင့်အတန်းစသည်ဖြင့် မြေပြင်စာရင်း
ကောက်ယူမှု အချက်အလက်များကို အခြေခံတွက်ချက်ထားသည့် ချို့တဲ့နွမ်းပါးသော အိမ်ထောင်စု
များ၊ ဘိုးဘွားရိပ်သာနှင့် မသန်မစွမ်း စောင့်ရှောက်ရေးဂေဟာများကဲ့သို့ ထောက်ပံ့ပေးရန် လိုအပ်
သည့် အရပ်ဘက် လူ့အဖွဲ့အစည်း (Community Center)များ၏ အချက်အလက်များကို
ဒစ်ဂျစ်တယ်စနစ်ဖြင်ထုတ်လွှင့် နေသည့် ဧရိယာ၏ မိုင် ၃၀ ပတ်လည် အတွင်း အတိအကျ
တွက်ချက် ကောက်ယူမည်ဟု သိရသည်။
"စာရင်းအချက်အလက်တွေကို အတိအကျကောက်ယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ
အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ အကူအညီနဲ့ သင့်တော်တဲ့ အရေအတွက်နဲ့ ပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်း
ဆောင်ရွက်နေပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ယခုလ
၁၅ ရက်က ပြုလုပ်သည့် ဒစ်ဂျစ်တယ်စနစ်ဖြင့် စတင်ထုတ်လွှင့်ခြင်းနှင့် ရုပ်သံလိုင်းများတိုးချဲ့
ထုတ်လွှင့်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
လွှတ်တော် ရုပ်သံလိုင်း၊ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် တိုင်းရင်းသားလူမျိုးများ
ရုပ်သံလိုင်းသုံးခုကို ဒီဂျစ်တယ်စနစ် (DVB-T2) ဖြင့် အခမဲ့ ထုတ်လွှင့်နေပြီဖြစ်ပြီး ယခင်ထုတ်လွှင့်
ပေးလျက်ရှိသည့် MRTV နှင့် MITV ရုပ်သံလိုင်းတို့ကိုလည်း ဒစ်ဂျစ် တယ်စနစ်ဖြင့် ပြောင်းလဲ
ထုတ်လွှင့်မည်ဖြစ်သည်။
လွှတ်တော်ရုပ်သံလိုင်းတွင် လွှတ်တော် အစည်းအဝေးကျင်းပနေပုံများအပြင် အင်တာဗျူး
အစီအစဉ်၊ ပြည်သူများ အတွက်ဆောင်ရွက်ပေးနေမှုများစသည် တို့ ပါ၀င်မည်ဖြစ်ပြီး တိုင်းရင်းသား
လူမျိုးများရုပ်သံလိုင်းတွင် မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ထင်ဟပ် စေသည့် အမျိုးသားရေး
စရိုက်လက္ခဏာပေါ်လွင်စေရန် တိုင်းရင်း သားဘာသာစကား ၁၁ ဘာသာဖြင့် တစ်နေ့လျှင်
ရှစ်နာရီနှုန်း နှစ်ကြိမ် ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။
တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel) ကိုမူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
အနေဖြင့် အစီအစဉ် ထုတ်လုပ်ရေး လုပ်ငန်းများကို သီးခြားဆောင်ရွက်ခြင်း မပြုဘဲ Network
Provider အဖြစ်သာ ဆောင်ရွက်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး၊ မိုးလေဝသနှင့် ဇလဗေဒ၊ ကျေးလက်ဒေသဆိုင်ရာ ပြည်သူ့အကျိုးပြု ပညာပေး
အစီအစဉ်များကို အဓိကထုတ်လွှင့်သွားမည်ဖြစ် ကြောင်း၊ သတင်းအချက်အလက်များကိုလည်း
တောင်သူလယ်သမားကြီးများထံ အချိန်နှင့် တစ်ပြေးညီသတင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထား
ကြောင်း နှင့် ပြန်ကြားရေးကို ၃၅ ရာခိုင်နှုန်း၊ ပညာရေးကို ၃၅ ရာခိုင်နှုန်းနှင့် ဖျော်ဖြေရေးကို
၃၀ ရာခိုင်နှုန်း ထုတ်လွှင့်ရန်လျာထား ဆောင်ရွက်နေသည်။
"ဒီရုပ်သံလိုင်းသစ် သုံးခုအနက် လွှတ်တော်ရုပ်သံလိုင်းကို အဓိကပြောရရင် ပြည်သူ့အသံ၊ ပြည်သူ့
ဆန္ဒတွေကို လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာ ပြည်သူတွေသိမယ်၊ အရမ်း
ကောင်းပါတယ်။ ကျွန်တော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ဖူးပါတယ်။
အခုအဲဒါကို အကောင်အထည်ဖော်လိုက်နိုင်ပြီလို့ထင်ပါတယ်။ တိုင်းရင်းသားရုပ်သံလိုင်းကလည်း
နေရာဒေသအသီးသီးက တိုင်းရင်းသားတွေ အနေ နဲ့ သူတို့ရဲ့ ရင်ထဲက စကားတွေကို ထုတ်ဖော်ခွင့်
ရမှာဖြစ်ပြီး တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်းကတော့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက်
လယ်ယာနဲ့ ပတ်သက်တဲ့အခြေခံတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လယ်ယာစိုက်ပျိုးရေး
နှင့် ဆည်မြောင်း ၀န်ကြီးဌာနက တောင်သူတွေကို မျှဝေ စေချင်တာတွေကို သီးသန့် လွှင့်ပေးတာ
ဖြစ်တဲ့အတွက်ရယ်။ တောင်သူတွေအနေနဲ့လည်း သူတို့သိချင်တဲ့ အချက်အလက်တွေကို အချိန်နဲ့
တစ်ပြေးညီ ထုတ်လွှင့်ပေးတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ အားလုံးကို
ခြုံပြီး ပြောရရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုကို အသိအမှတ်ပြုပါတယ် " ဟု ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယခုလ ၁၅ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသစ် သုံးခုကို နေပြည်တော်မှာရှိတဲ့ ကေဘယ်လ် တီဗီလိုင်းတွေမှာလည်း
ထည့်သွင်းထုတ်လွှင့် ပေးသွားမှာ ဖြစ်ပါတယ် "ဟု ဦးပိုက်ထွေးက ပြောကြားသည်။
DVB-T2 MPEG-4 Tunner ပါရှိသည့် ဒီဂျစ်တယ် တီဗီနှင့် ရိုးရိုး Analogue တီဗီကို DVB-T2
MPEG-4 Set-top Box ဖြင့်တွဲဖက် ကြည့်ရှုသူများအနေဖြင့်လည်း MRTV နှင့် MITV ရုပ်သံလိုင်း
နှစ်လိုင်း အပါအဝင် ရုပ်သံလိုင်းသစ် သုံးခု၊ စုစုပေါင်း ရုပ်သံလိုင်း ငါးလိုင်း သာမက မြဝတီ၊
MRTV-4၊ Channel 7၊ 5 plus၊ Readers Channel နှင့် မဟာဗောဓိတို့ကို အခမဲ့ ကြည့်ရှုနိုင်မည်
ဖြစ်သည်။
ထုတ်လွှင့်ရာတွင် ရန်ကုန်၊ မန္တလေး(စစ်ကိုင်း)၊ နေပြည်တော်(ပျဉ်းမနား)နှင့် နေပြည်တော်
(တပ်ကုန်း) တို့ရှိ စက်ရုံလေးရုံက ပထမအဆင့်အနေဖြင့် ထုတ်လွှင့်မည်ဖြစ်ပြီး မြစ်ကြီးနား၊
တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ၊ မင်းဘူး၊ ကလေး(ကနေဒီ)၊ ဖလမ်း၊ ပုပ္ပား၊ မိတ္ထီလာ၊
တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ ပြည်၊ လွိုင်ကော်၊ မော်လမြိုင်၊ ဘားအံ၊ ကျောင်းကုန်း၊ ပုသိမ်၊
ဟင်္သာတ နှင့် ထားဝယ်စသည့် မြို့များရှိ စက်ရုံ ၂၁ ရုံက ဒုတိယ အဆင့်အနေဖြင့် လာမည့်
ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် အတွင်း ထုတ်လွှင့်သွားမည်ဖြစ်သည်။
ထုတ်လွှင့်ခြင်း တတိယအဆင့်အနေဖြင့် စက်ရုံ ၅၆ ရုံကို ၂၀၁၄"၂၀၁၅ ဘဏ္ဍာနှစ် အတွင်း၌
လည်းကောင်း၊ စတုတ္ထအဆင့်အနေဖြင့် စက်ရုံ ၁၁၀ ကို ၂၀၁၅"၂၀၁၆ ဘဏ္ဍာနှစ်အတွင်း၌
လည်းကောင်း၊ စက်ရုံ ၆၆ ရုံကို ပဥ္စမ အဆင့်အနေဖြင့် ၂၀၁၆"၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း၌
လည်းကောင်း ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်ဖြစ်သည်။
"မြန်မာနိုင်ငံအနေနဲ့လည်း ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှုကို ဆောင်ရွက်ရင်း Analogue Switch
Off ကို ၂၀၂၀ မှာ အပြီးဆောင်ရွက်ဖို့ လျာထားချက် ရှိပါတယ်"ဟု ဦးပိုက်ထွေးက ပြောကြားခဲ့
သည်။
















