တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာခြောက် အုပ်စုမှ လယ်သမားများမှာ ၎င်းတို့ပိုင် လယ်မြေများတွင်
အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် တရားစွဲ ခံခဲ့ရပြီး အခက်အခဲများဖြစ်ပေါ်နေကြောင်း
တရားစွဲခံရသည့် လယ်သမားများက ပြောသည်။
"ကျွန်မတို့ အဲဒီနေရာမှာမနေရင် နေစရာမရှိပါဘူး။ လယ်ထဲကို အိမ် ဆောက်လို့တရားစွဲမယ်ဆိုရင်
ဥက္ကဋ္ဌ ကိုယ်တိုင် မလွတ်ဘူး။ သူ့ဘေးနား တစ်လျှောက်ကလည်း အကုန်လုံး လယ်မှာ ဆောက်
ထားတာတွေပဲ" ဟု တရားစွဲခံနေရသော တမံကြီးကျေးရွာ မှ မသင်းသင်းနွယ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ နယ်အတွင်းရှိ ခလောက်ချိုက်၊ ပဒန်ရေကျော်၊ တမာတကော၊
တမံကြီး၊ သံဖြူရုံ၊ ကံရွာကျေးရွာအုပ်စုများမှ လယ်သမား ၄၁ ဦးကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်
ရေးမှူးများက လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရားစွဲဆို
ထားကြောင်း လယ်သမားများက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲတွင် ပြောသည်။
"ကျွန်တော့်အိမ်ဆောက်တာက ၂၀၀၆ ခုနှစ်ကပါ။ အခုတရားလို အုပ်ချုပ်ရေးမှူး(ထိုစဉ်က ကျေးရွာ
အုပ်ချုပ်ရေးမှူးမဖြစ်သေး)က သူကိုယ်တိုင် လက်သမားလုပ်ပြီးတော့ ကျွန်တော့် အိမ်ကိုဆောက်
ပေးတာပါ။ အဲဒီတုန်းက ဘာမှမဖြစ်ဘဲ။ အခုဒီနှစ်ရောက်မှ တရားစွဲခံရတာပါ"ဟု တမံကြီးကျေးရွာ
လယ်သမား ဦးအောင်တိုးက ဆိုသည်။
တွံတေးမြို့နယ်အတွင်းရှိကျေးရွာ များမှ လယ်ယာမြေများတွင် အိမ်ဆောက်လုပ်ခြင်းကိုအရေးယူရန်
မြို့နယ်အဆင့်၊ ခရိုင်အဆင့် အာဏာပိုင်များက တရားစွဲရန် ဖိအားပေး ညွှန်ကြားမှုများကြောင့်
အုပ်ချုပ်ရေးမှူးများက တရားစွဲဆိုကြကြောင်း တရားစွဲဆိုခံရသူများက မြန်မာတိုင်း(မ်)သို့
ပြောသည်။
"လယ်ယာမြေဥပဒေအရ၊ တခြား နည်းသုံးစွဲခွင့်အရ စွဲပါဆိုလို့ပါ။ ဒါပေမဲ့ အပေါ်ကတော့ နှုတ်နဲ့
ပြောတာ လောက်ပဲ ရှိတယ်။ တကယ်တမ်းကျတော့ ဥပဒေအရစွဲရမှာကတော့ ကျွန်တော်တို့
အခြေခံလယ်/စီ (လယ်ယာမြေစီမံရေး)အဖွဲ့ကပဲ စွဲရတာပါ။ ဖိအားကြောင့် တော့မဟုတ်ပါဘူး"ဟု
ကံရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောသည်။
ယခင်က ကျေးရွာများတွင်နေထိုင် ရန် ဓနိမိုးထရံကာအိမ်များဆောက်လုပ် နေထိုင်ခွင့်ပြုခဲ့သော်
လည်း လက်ရှိအချိန်တွင် မရွှေ့ပြောင်းနိုင်သော သစ်တိုင်၊ သွပ်မိုး၊ တစ်ထပ်၊ နှစ်ထပ်အိမ်များ
စသည်ဖြင့် အခိုင်အမာဆောက်လုပ် လာခြင်းကြောင့် ဥပဒေအရတရားစွဲဆို ရခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။
တိုင်းမြေယာစီမံခန့်ခွဲမှုအဖွဲ့၏ညွှန်ကြားချက် တစ်စုံတစ်ရာမပါ၀င်ဘဲ ကျေးရွာအုပ်ချုပ်ရေးအဆင့်၏
တရားစွဲဆိုမှုမှာ မှားယွင်းနေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ဗဟိုကော်မတီဝင်
ဦးခင်စိုးက မြန်မာတိုင်း(မ်)သို့ ပြောသည်။
တရားစွဲခံလယ်သမားများအနေ ဖြင့် ၎င်းတို့ရင်ဆိုင်နေရသော တရားစွဲ ဆိုထားခြင်းကို စုံစမ်း
စစ်ဆေးအရေး ယူမှုများပြုလုပ်ပေးရန် အောက်တိုဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးသို့
တိုင်ကြားခဲ့ကြသည်။
















