ပဲခူးတိုင်းဒေသကြီး၊ သာဂရမြို့မှ အနောက်ဘက် ၁၀ မိုင်ခန့်တွင်ရှိသည့် ဖိုးကျားဆင်စခန်းသို့
နှစ်တစ်နှစ်၏ ပွင့်လင်းရာသီဖြစ်သည့် ဆောင်းရာသီ၌သာ ပြည်ပဧည့်သည် အများစုလာရောက်
လေ့လာမှု ပိုမိုများပြားလေ့ရှိသည်ဟု ဆင်စခန်းတာဝန်ခံ ကိုမြတ်မင်းက ယခုလ ၂ ရက်နေ့တွင်
ပြောသည်။
"သုံးရာသီရှိတဲ့အထဲက ဆောင်းရာသီက ခရီးသွားရာသီဖြစ်တဲ့အတွက် ပိုပြီး ၀င်ရောက်လေ့လာမှု
များတယ်။ မိုးရာသီမှာလည်း ရှိတော့ ရှိပါတယ်။ နည်းတာပေါ့"ဟု ၎င်းက ပြောသည်။
ဖိုးကျားဆင်စခန်း၌ လာရောက် လည်ပတ်သည့် ပြည်ပဧည့်သည်များအနက် ပြင်သစ်နှင့် ဂျာမနီ
နိုင်ငံမှ အများဆုံးဖြစ်ကြပြီး ဆင်စီးခြင်း၊ ဆင်အကြောင်းကို အတွင်းကျကျ လေ့လာခြင်းနှင့်
တောတွင်း လမ်းလျှောက်ခြင်းများကို အနည်းဆုံး တစ်ညအိပ်ကာ လေ့လာကြပြီး ပြည်တွင်း
ခရီးသည်များမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ နေ့ချင်းပြန်ခရီးဖြင့် ဆင်စီးရန်
အတွက်သာ လာရောက် လေ့ရှိသည်ဟု သိရသည်။
ညအိပ်ဧည့်သည်များအတွက် တည်းခိုစရိတ်ကို ဆင်စခန်းတွင် သီးသန့် သတ်မှတ်ထားခြင်း
မရှိသော်လည်း သက်ဆိုင်ရာ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းများနှင့် အဆိုပါဖိုးကျားဆင် စခန်းအား
လက်ရှိလုပ်ကိုင်နေသည့် Asia Green ကုမ္ပဏီတို့ တိုက်ရိုက်ချိတ် ဆက်ဆောင်ရွက်နေသည်ဟု
သိရသည်။
"တည်းခိုတာကတော့ ပြည်တွင်း ခရီးသည်တွေဆိုရင် မြန်မာကျပ်ငွေနဲ့ ကောက်ခံပါတယ်။
နိုင်ငံခြားသားတွေကိုတော့ နိုင်ငံခြားငွေနဲ့ပဲ လက်ခံပါတယ်" ဟု ကိုမြတ်မင်းက ပြောသည်။
လက်ရှိ ဖိုးကျားဆင်စခန်းတွင် ခရီးသည် တည်းခိုရိပ်သာ ဘန်ဂလိုခုနစ်ခု ရှိပြီး ၀င်ရောက်မှုပေါ်
မူတည်၍ တိုးချဲ့ ရန် အစီအစဉ်ရှိသည်ဟုဆိုသည်။
ဆင်စီးခြင်းနှင့် ဆင်အလှကြည့်ခြင်း အတွက် ပြည်တွင်းခရီးသည်များကို ကျပ်တစ်သောင်းနှင့်
ပြည်ပခရီးသည်များအတွက် အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားသည်။
ဆင်စခန်းဝင်းထဲတွင် ဆင်များအပြင် နိုင်ငံခြားသား ခရီးသည်များလေ့လာရန် အကြိုက်တွေ့စေမည့်
အင်္ဂလိပ်ခေတ် (၁၈၉၈ ခုနှစ်)က စိုက်ပျိုးခဲ့သည့် သက်တမ်း ၁၁၅ နှစ်ရှိ ကျွန်းပင်ကြီးများကိုလည်း
ထိန်းသိမ်းထားသည်။
"မြန်မာနိုင်ငံက နေရာတော်တော်များများက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းကြပါတယ်။ အဲဒီ
နေရာတွေ အထဲမှာ ဖိုးကျားဆင်စခန်းက လည်ပတ်ဖို့အပြင် တောတွင်းလေ့လာဖို့လည်း
အကောင်းဆုံးနေရာပါ"ဟု ဂျာမနီနိုင်ငံမှ လာရောက်လည်ပတ်သူ မစ္စတာ ဘင်ဂျမင်က
ပြောသည်။
ပြီးခဲ့သည့်နှစ်က အဆိုပါဆင်စခန်းသို့ နိုင်ငံခြားဧည့်သည် ၄၀၀ ခန့်နှင့် ပြည်တွင်းခရီးသည် ဦးရေ
၅၀၀ ၀န်းကျင် လာရောက်ခဲ့ကြသည်။
"ဒီနှစ်က ပြီးခဲ့တဲ့နှစ်တွေထက် ဧည့်သည်တွေ လာရောက်မှုပိုများလိမ့်မယ်။ နောက်ပြီး ၀န်ထမ်း
တွေလည်း တိုးမြှင့်ဖို့လည်း ရှိပါတယ် " ဟု ကိုမြတ်မင်းက ပြောသည်။
ဖိုးကျားဆင်စခန်းကို ၂၀၀၂ ခုနှစ် ကာလ သစ်တောရေးရာဝန်ကြီးဌာနမှ စတင်အကောင်အထည်
ဖော်ခဲ့ရာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး Asia Green ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်လျက်ရှိသည်။

















