နေပြည်တော်၊ တိရစ္ဆာန်ဥယျာဉ်၌ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပ
နေစဉ်ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လာရောက် လည်ပတ်သည့် ဧည့်သည်များ စိတ်ဝင်စား
စေမည့် မြန်မာ့ဆင်အကြောင်းကို ပြင်သစ်နိုင်ငံအခြေစိုက် ရုပ်ရှင် ကုမ္ပဏီတစ်ခုဖြစ်သည့်
Compass Film နှင့် ပူးပေါင်းကာ 'ထူး'ဖောင်ဒေးရှင်းက နက္ခတ်တာရာပြခန်းတွင် ပြသသွားမည်ဟု
သိရသည်။
အဆိုပါ ရုပ်ရှင်တွင် ဆင်များအား မည်သို့ ထိန်းသိမ်းစောင့်ရှောက်ပုံများကို အဓိကထား ရိုက်ကူး
ထားသည့် The Elephant Power နှင့် Life Size Memory ရုပ်ရှင်များကို ပြသမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာရှတွင်သာမက ကမ္ဘာပေါ်တွင် အာရှဆင်များ ဒုတိယအများဆုံး ပိုင်ဆိုင်
ထားသည့် နိုင်ငံဖြစ်ကြောင်းကို သိရှိစေနိုင်ခြင်း၊ ဆင်များ၏ သဘာဝကို လေ့လာထိတွေ့စေနိုင်ခြင်း၊
ဆင်များနှင့် လူသားများ၏ ဆက်နွှယ်မှုများ သိရှိစေနိုင်ခြင်း တို့အပြင် အာရှမျိုး ဆင်များအား ယခု
ထက်ပိုမို၍ မျိုးပွားတိုးတက်စေပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ပြည်သူများ ပိုမိုသိရှိကာ
ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်လာစေနိုင်ခြင်းစသည့် ရည်ရွယ်ချက်
များဖြင့် ပြသခြင်းဖြစ်သည်ဟု တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးခင်မြင့်က ယခုလ ၉ ရက်နေ့က
ပြောသည်။
"အခု ဆီးဂိမ်းကာလကို ဦးစားပေးတဲ့ အနေနဲ့ ပြသသွားမယ်။ အရင်ပြနေတဲ့ နက္ခတ်တာရာ
အစီအစဉ်တွေ ကြားထဲမှာ ထည့်သွင်းပြသသွားမှာပါ။ ပြီးတော့ လာရောက် ကြည့်ရှုသူတွေ
အဆင်ပြေအောင် ကြည့်ရှုခနှုန်းထားတွေကိုလည်း လျှော့သွားမှာပါ။ နောက်ပိုင်းမှာ အဆင်ပြေရင်
ဆက်ပြီး ပြသသွားမယ်" ဟု ၎င်းက ပြောသည်။
တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးမှာ လူကြီး ကျပ် ၁,၀၀၀ နှင့် ကလေး ကျပ် ၅၀၀ ဖြစ် ပြီး နက္ခတ်တာရာ
ပြခန်းအတွင်း ကြည့်ရှုခ နှုန်းထားမှာ ကျပ် ၅,၀၀၀ သတ်မှတ်ထားသော်လည်း ဆီးဂိမ်းကာလ
အတွင်း ကြည့်ရှုသူများ အဆင်ပြေစေရန် ကျပ် ၂,၀၀၀ အထိ လျှော့ချကောက်ခံသွားမည်ဟု
ဦးခင်မြင့်က ပြောသည်။
လက်ရှိ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်အတွင်းတွင် ဆင်အထီး ငါးကောင်နှင့် အမ ခြောက်ကောင်၊
စုစုပေါင်း ၁၁ ကောင်ရှိသည်။

















