ဓာတုကင်းလွတ်သီးနှံများ ပြည်ပတင်ပို့ရန် ချိတ်ဆက်လျက်ရှိ

ဓာတုကင်းလွတ်သီးနှံများ ပြည်ပတင်ပို့ရန် ချိတ်ဆက်လျက်ရှိ

နေပြည်တော် ကောင်စီနယ်မြေတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလာ နိုင်ငံတကာ
အားကစားသမားများ၊ ဧည့်သည်တော်များ စားသုံရန်ရည်ရွယ် စိုက်ပျိုးခဲ့သည့် ဓာတုကင်းလွတ်
ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန် တန်ဖိုးမြင့်
ထွက်ကုန်များ ထုတ်လုပ်ပြီး ကိုရီးယား၊ ထိုင်းနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်
ရှိသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးမြင့်လှိုင်က
ပြောသည်။

စက်စက်ယို စံပြစိုက်ခင်းတွင် ဓာတုကင်းလွတ် စိုက်ပျိုးနေသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
အမျိုးပေါင်း ၅၀ ကျော်ကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် တန်ဖိုးမြင့်ထွက် ကုန်များ
ထုတ်လုပ်နိုင်ရန် သန့်စင်ထုပ်ပိုးစက်ရုံများ တည်ထောင်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ
လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ထားကြောင်း ၎င်းကပြောသည်။

"ကိုယ့်နိုင်ငံရဲ့ ရာသီဥတုကလည်းကောင်းတယ်၊ လယ်မြေကလည်း အဆီအနှစ်ပြည့်ဝတယ်။
စိုက်ပျိုးအောင်မြင်တဲ့ မြေဖြစ်တယ်၊ တောင်သူတွေက ပူးပေါင်းစိုက်ပျိုးဖို့ လိုတယ်။ အကျိုးတူ
ပူးပေါင်းတဲ့ ကုမ္ပဏီတွေလည်း ရှိနေပြီ" ဟု ဦးမြင့်လှိုင်က ပြောသည်။

နိုင်ငံတကာတွင် သုံးစွဲနေပြီးဖြစ်သည့် ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးခြင်းများကို နေပြည်တော်၊
ပုဗ္ဗသီရိမြို့နယ်၊ စက်စက်ယိုကျေးရွာတွင် စံပြစိုက်ခင်းများဖြင့် စိုက်ပျိုးလျက်ရှိပြီး ပြည်ပသို့ တင်ပို့
နိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးရန်
စက်စက်ယိုကျေးရွာရှိ လယ်ဧက ၉၀၀ ကို စံပြစိုက်ကွက်များအဖြစ် ကုန်ထုတ်လမ်းများ၊
ဆည်ရေသောက်မြောင်းများ ကို ဖောက်လုပ်ပေးခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အဆိုပါ စိုက်ခင်းရှိ ဓာတုကင်းလွတ် ဟင်းသီးနှင့် သစ်သီးဝလံပြပွဲကို
ပြုလုပ်ခဲ့ရာ ဓာတုကင်းလွတ် စိုက်ပျိုးနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံ
မည့် ကုမ္ပဏီများလည်း တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီ နယ်မြေရှစ်မြို့နယ်တွင် လယ်ယာမြေဧရိယာစုစုပေါင်း ၂၈၀,၀၀၀ နှင့်
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သီးထပ်သီးညှပ်စိုက် ဧက စုစုပေါင်း ၄၇၀,၀၀၀ကျော် စိုက်ပျိုး
လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ မှ Win All ကုမ္ပဏီက နေပြည်တော်ကောင်စီနယ်မြေတွင်
စိုက်ပျိုးရေး သုတေသနဌာနတစ်ခု တည်ထောင်ပြီး ဆန်စပါး အပါအဝင် ကြံ၊ ၀ါဂွမ်း၊ အစေ့ထုတ်
ပြောင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ် လုပ်ငန်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်ဆောင်ရွက်
နိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု လယ်/ဆည်ဝန်ကြီး ဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံ Safal Seed ကုမ္ပဏီ ကလည်း မြန်မာနိုင်ငံမှ ပြည်တွင်း ကုမ္ပဏီဖြစ်သည့် မြတ်အိန္ဒြေ
နှင့် ပူးပေါင်းပြီး ဆန်စပါးအပါအဝင် အစေ့ထုတ်ပြောင်း၊ ၀ါဂွမ်း၊ ငရုတ်၊ ခရမ်းချဉ် စသည့် ဟင်းသီး
ဟင်းရွက်မျိုးစေ့များကို ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ တောင်သူများကို မျိုးကောင်းမျိုးသန့် မျိုးစေ့
များ တင်ပို့ရောင်းချရန် ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စိုက်ပျိုး အောင်မြင်နေသည့် ပိန်း၊ ဂျူးမြစ်၊ ကန်စွန်းဥနှင့် ဟင်းသီးဟင်းရွက်
များကို ကိုရီးယား၊ ထိုင်းနှင့် ဂျပန်နိုင်ငံများသို့ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ရောင်းချနိုင်ရန်
စိုက်ကွင်းများ ထူထောင်ခြင်း၊ ကုန်ချောထုတ် စက်ရုံများ သွက်လက်မြန်ဆန်စွာ အကောင်အထည်
ဖော်ဆောင်ရွက်သွားမည်ဟု ဦးမြင့်လှိုင်က ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ
တွင် ပြောသည်။

ကိုရီးယားသမ္မတနိုင်ငံ SAMCHAE ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr.Bae Dae Yello
ကလည်း မြန်မာနိုင်ငံရှိ အာဟာရပြည့်တန်ဖိုးမြင့် ဂျူးမြစ်၊ ပိန်းဥနှင့် ကန်စွန်းဥများကို တန်ဖိုးမြင့်
ထုတ်ကုန်များ ထုတ်လုပ်ရန် အခြောက်ခံစက်နှင့် အအေးခန်းစက်ရုံများ တည်ဆောက်ပြီး တစ်နှစ်
လျှင် ဂျူးမြစ်တန်ချိန် တစ်သိန်းဝယ်ယူကာ ကင်ချီပြုလုပ်ပြီး ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချခြင်း
ဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးဘီလျံရရှိနိုင်ကြောင်း ပြောသည်။

ဂျပန်နိုင်ငံနှင့် ချိတ်ဆက်ထားသည့် Kyoka ကုမ္ပဏီကလည်း ကန်စွန်းဥ၊ ဖရဲသီး၊ ဗိုလ်စားပဲ
အပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထုတ်လုပ်ပြီး အအေးခန်းစက်ရုံ တည်ဆောက်ကာ
ဂျပန်နိုင်ငံသို့ တစ်နှစ်လျှင် ဟင်းသီးဟင်းရွက် ကုန်ချော တန်ချိန် ၅,၀၀၀ တင်ပို့ရန် ဆောင်ရွက်
လျက်ရှိသည်။

အီတလီနိုင်ငံမှ Block Food Interna-tional ကုမ္ပဏီကလည်း ခရမ်းချဉ်သီးအနှစ်ထုတ်လုပ်သည့်
စက်ရုံတည်ဆောက်ပြီး တစ်ကြိမ်လျှင် ဧက ၃၆၀ စိုက်ပျိုးကာ ခရမ်းချဉ်သီးအနှစ် နေ့စဉ်ငါးတန်
တင်ပို့ရောင်းချမည် ဖြစ်သည်။

ထိုင်းနိုင်ငံ Big M ကုမ္ပဏီကလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ကညွတ် ဧက ၃၀၀
စိုက်ပျိုးပြီး အအေးခန်းစက်ရုံများ တည်ဆောက်ကာ တစ်နေ့လျှင် ကညွတ်ငါးတန်ကို ဥရောပနိုင်ငံ
များ၊ စင်ကာပူနိုင်ငံနှင့် ဟောင်ကောင် နိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

မြန်မာနိုင်ငံသားကုမ္ပဏီဖြစ်သည့် မာလာမြိုင်ကလည်း ကျောက်ဆည်မြို့ နှင့် နေပြည်တော်တို့တွင်
သခွားမွှေးသီးနှံကို တောင်သူများနှင့် အကျိုးတူစိုက်ပျိုးပြီး လည်းကောင်း၊ စိန်တစ်လုံး သရက်သီး
များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး စင်ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသများ
နှင့် အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး