သစ်တောပြုန်းတီးမှုနှင့် သစ်တောအရည်အသွေး လျော့ကျမှုများကြောင့် ကမ္ဘာကြီးပူနွေးမှုကို
ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေးအတွက် မြန်မာနိုင်ငံအနေဖြင့်
ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ပါ၀င်သည့် လမ်းပြမြေပုံ (REDD+ Roadmap) အား
နိုင်ငံတော်အဆင့် အတည်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်လျက်ရှိကာ စီမံကိန်းများအား
၂၀၂၀ ခုနှစ်တွင် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားကြောင်း သစ်တောဦးစီး
ဌာနမှ အမျိုးသားစီမံကိန်း မန်နေဂျာ ဒေါက်တာသောင်းနိုင်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့က
ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် REDD+ Roadmap ရေးဆွဲခြင်းကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက စတင်ခဲ့ရာ
၂၀၁၃ ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့သည်ဟု ၎င်းက ပြောသည်။
"Roadmap ကတော့ ရေးဆွဲပြီးသွားပြီ။ နိုင်ငံတော်အဆင့်က အတည်ပြုဖို့အတွက် အဆင့်ဆင့်
တင်ထားပါတယ်" ဟု ဒေါက်တာသောင်းနိုင်ဦးက ပြောသည်။
REDD+ စီမံကိန်းကို အဆင်သင့်ပြင်ဆင်သည့် အနေအထား၊ ရှေ့ပြေးစီမံကိန်းများ စတင်ခြင်းနှင့်
အကောင်အထည်ဖော်ခြင်း စသည့် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာ
သောင်းနိုင်ဦးက ပြောသည်။
"၂၀၂၀ခုနှစ်မှာ အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် လုပ်နိုင်မယ်လို့ ရည်ရွယ်ထားတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က (REDD+ အကောင်အထည်ဖော် ဆောင်ရွက်မှုကို) အမျိုးသား
အဆင့် စီမံကိန်းအနေနဲ့ ဆောင်ရွက်သွားရမှာပါ။ ဒါပေမဲ့ ငွေကြေးအခြေအနေအရနဲ့ လူ့စွမ်းအား
အရင်းအမြစ် ဖွ့ံဖြိုးရေးအရ တစ်ချိန်တည်းမှာ အမျိုးသားအဆင့်ကို အကောင်အထည်ဖော်ဖို့ မဖြစ်
နိုင်ပါဘူး၊ ဒါက မြန်မာနိုင်ငံတစ်နိုင်ငံတည်း မဟုတ်ဘူး၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း မဖြစ်နိုင်ဘူး"
ဟု ၎င်းက ပြောသည်။
REDD+ Roadmap ရေးဆွဲခြင်းအတွက် သစ်တောနှင့် ပတ်သက်သည့် ကောင်းကင်ဂြိုဟ်တုပေါ်မှ
တိုင်းတာသည့် နည်းပညာအကူအညီကို ဂျပန်နိုင်ငံမှ Asia Air Survey ကုမ္ပဏီက အကူအညီ
ပေးခြင်းနှင့် သင်တန်းပေးခြင်းများပြုလုပ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (The International
Tropical Timber Organization - ITTO) မှလည်း အဆိုပါ လမ်းပြမြေပုံ ရေးဆွဲခြင်း လုပ်ငန်းစဉ်
အတွက် ၂၀၁၂ ခုနှစ်မှ စတင်ကာ သုံးနှစ်စီမံကိန်းဖြင့် ကူညီပေးလျက်ရှိသည်ဟု ဒေါက်တာ
သောင်းနိုင်ဦးက ပြောသည်။
"ITTO က REDD+ Roadmap အပါအဝင် အခြား သစ်တောကဏ္ဍရဲ့ စီမံကိန်း ရှစ်ခုကိုလည်း
ထောက်ပံ့ပေးနေတာပါ။ အခု REDD+ အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၅ ခုနှစ်အထိ
သုံးနှစ်စီမံကိန်း ကူညီပေးနေပါတယ်"ဟု ၎င်းက ပြောသည်။
ITTO ထောက်ပံ့မှုဖြင့် အကောင်ထည်ဖော်ခဲ့သော စီမံကိန်းရှစ်ခုမှာ သစ်တောများ ထာဝစဉ်
တည်တံ့စေရန် စီမံခန့်ခွဲခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ပါး
သက်သာစေရန်ဆောင်ရွက်ခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ၀ါး သယံဇာတအသုံးပြုမှု
ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ခြင်း၊ ကျွန်းမျိုးရိုးဗီဇထိန်းသိမ်း ခြင်းနှင့် စဉ်ဆက်မပြတ်
သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ စံနှင့်အညွှန်းများ သတ်မှတ်ခြင်းတို့ဖြစ်သည်။
ITTO က ၁၉၉၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံအတွက် စီမံကိန်းရံပုံငွေ အမေရိကန်ဒေါ်လာ
၂ ဒသမ ၄သန်းကျော် ထောက်ပံ့ပေးခဲ့သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အဆိုပါအလုပ်ရုံအစည်းအဝေးတွင် ပြောသည်။
"သစ်တောဦးစီးဌာနနဲ့ အိုင်တီတီအိုတို့ ပူးပေါင်းပြီး ၁၉၉၇ ခုနှစ်မှာ မြန်မာ့လူသုံးနည်းသစ်မျိုးများ
ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်ခြင်း စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်၊ ယနေ့
အချိန်အထိ စီမံကိန်း ရှစ်ခုကို အိုင်တီတီအိုနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး
စီမံကိန်းရံပုံငွေ ဒေါ်လာ ၂ ဒသမ ၄ သန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် အိုင်တီတီအိုအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တော
ပြုန်းတီးမှုနှင့် သစ်တောအရည်အသွေးလျော့ကျမှုများကြောင့် ဖန်လုံအိမ်ဓာတ် ငွေ့ထုတ်လုပ်မှု
လျှော့ချရေး ကုလသမဂ္ဂအစီအစဉ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ၀င်ရောက်ခဲ့သည်။

















