မကြာသေးခင် မျက်စိတစ်မှိတ်အတွင်း အုပ်ချုပ်ရေး ယန္တရားကြီးလည်ပတ်နိုင်ဖို့ အဓိကထား
တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ်ကြီး နေပြည်တော်က ဒီနှစ်ထဲမှာပဲ နိုင်ငံမှတ်တိုင်သစ်
ဖြစ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပရင်း ဂုဏ်တက်စေခဲ့ပါပြီ။
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ တစ်ခုပြီးတစ်ခုဆောင်ရွက်ရင်း ရှေ့ဆီ လှမ်းတက်နေတာကို
သိသာထင်ရှားစွာ ပြသပေးနေတဲ့ မြို့တော်သစ်ကြီးလည်း ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုသော်ငြားလည်း အရိုးစွဲနေတဲ့ မြန်မာတွေအကျင့်နဲ့
စီမံခန့်ခွဲမှု အဆီအငေါ် မတည့်တာလေးတွေကိုလည်း နေရာဌာနအစုံမှာ တွေ့ခဲ့ရပါသေးတယ်။
အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးရဲ့ ဖွင့်ပွဲ ပိတ်ပွဲကို ကြည့်ချင်တဲ့ သာမန်ပြည်သူတွေ
မှာလည်း လက်မှတ် မရသူနဲ့ ကြည့်ချင်သူတွေကတော့ လုံခြုံရေးအထပ်ထပ်နဲ့ လမ်းတွေပိတ်၊
ကိုယ်ပိုင်ကားတွေ အကန့်အသတ်နဲ့ ၀င်ကြရလို့ နေပူကျဲကျဲမှာ နှစ်မိုင်လောက်လမ်းလျှောက်
၀င်ခွင့်ရဖို့ နှစ်နာရီလောက် နေပူထဲတန်းစီပြီးတော့ အားပေးနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။
ကိုယ်တွေရဲ့အမိမြေမှာ လာရောက်ကစားကြတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စိတ်နေစိတ်ထားတွေကို
အားကစားပွဲတွေကနေ လေ့လာကြဖို့လိုနေပါပြီ။
သူများရဲ့ စိတ်ထားကို လေ့လာသလို ကိုယ့်လိုအပ်ချက်တွေကို တစ်ချိန်တည်းမှာပဲ မြင်နေရလို့
အားလုံးပြုပြင် ပြောင်းလဲဖို့ အမြန်ဆုံး လိုအပ်နေပြီဆိုတာ ပြည်သူတွေမမေ့ဖို့ လိုပါတယ်။
ဘာပဲပြောပြော ဂုဏ်ယူစရာကောင်းတာကတော့ ဆီးဂိမ်းပွဲတော်ကြီးမှာ အိမ်ရှင်နိုင်ငံအဖြစ်
ဂုဏ်သိက္ခာရှိရှိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။
တချို့ သော လွဲချော်မှုလေးတွေကိုလည်း ပြည်သူတွေက နားလည်မှုအပြည့်နဲ့ သက်ဆိုင်သူတွေကို
ခွင့်လွှတ်ပေးဖို့လည်း လိုနေပါသေးတယ်။
ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေကလည်း မနည်းမနောပါပဲ။
နိုင်ငံတော် သမ္မတကြီးကတော့ ပွဲတော်ဖြစ်မြောက်ရေးအတွက် ဖျော်ဖြေရေးကို လုပ်ဆောင်ပေးခဲ့
တဲ့ အနယ်နယ် အရပ်ရပ်က ကျောင်းသား ကျောင်းသူတွေ၊ အားကစားသမားတွေကိုလည်း
ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံပေးရင်း ပြည်သူတွေရဲ့ ချစ်ခင်မှုကို ရယူသွားခဲ့ပြန်ပါပြီ။
နေပြည်တော် အမှတ်တရတွေနဲ့ နှစ်ပေါင်း ၄၄ နှစ် အကြာမှ ပြန်လည်ကျင်းပခွင့်ရရှိတဲ့ ဆီးဂိမ်း
အားကစားပွဲတော်ကြီးက မြို့တော်သစ်ကြီးမှာ မှတ်ကျောက်တင်လို့ သွားခဲ့ပါပြီ။
အုပ်ချုပ်ရေး မြို့တော်လည်းဖြစ်တဲ့ နေပြည်တော်မှာ ပြည်သူတွေအားလုံး အားထားရမယ့်
လွှတ်တော်ကြီးကလည်း ၀င့်ဝင့်ထည်ထည်နဲ့ ပြည်သူ့ ကိုယ်စားလှယ် လွှတ်တော်အမတ်တွေနဲ့
အတူ ပြည်သူတွေအကျိုး ဘယ်လို ထမ်းပိုးမလဲဆိုတာ ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်နေကြ
ပါပြီ။
၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ဖို့လည်း နေပြည်တော်ကြီးက
ကြိုတင်ပြင်ဆင်မှုတွေ မနားမနေ ဆောင်ရွက်နေကြပါတယ်။
စစ်အစိုးရ လက်ထက်က လွတ်မြောက်ခါစ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြည်သူတွေက
ရဲတပ်ဖွဲ့ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ဆန်းတစ်ခုကလည်း နေပြည်တော်ရဲ့ ထူးခြားဖြစ်စဉ်တစ်ခု
ဖြစ်ခဲ့ပါတယ်။
တာဝန်ကျ ၀န်ထမ်းတို့ရဲ့ လုပ်ငန်းစဉ်ဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှု မရှိခိုက် သည်းမခံနိုင်တဲ့
ပြည်သူတွေဘက်ကလည်း အမှားဖြစ်ရပ်တွေ ထပ်မံတိုးလာခဲ့တာတွေကို တိုင်းကျော် ပြည်ကျော်
ဖြစ်သွားခဲ့ပြန်ပါတယ်။
ဒါတွေကလည်း ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးစဉ် ချက်ချင်း ပြောင်းလဲမသွားနိုင်သေးတဲ့
ဆောင်ရွက်မှုတွေကြောင့်လို့ပဲ ပြောချင်ပါတယ်။
တစ်ဆက်တည်းမှာပဲ နောက်ထပ် သတိထားသင့်တဲ့ နေပြည်တော်သတင်းကတော့ နိုင်ငံတော်
အဆင့် ဖြစ်တဲ့ လွှတ်တော်အစည်းအဝေးတွေနဲ့ အသက်ကြီး လွှတ်တော် အမတ်ကြီးပါပဲ။
ကြီးမားကျယ်ဝန်းတဲ့ လွှတ်တော်အဆောက်အအုံကြီးတို့က အဆင့်မြင့် လေအေးစက်ကြီးတွေ
ဖွင့်လို့ အစည်းအဝေးကြီးတွေကို နိုင်ငံတကာအဆင့်မီ ကျင်းပတာပါ။
တက်ရောက်သူပုဂ္ဂိုလ် အများစုကတော့ အသက်ကြီးပိုင်းတွေ ဖြစ်လို့ အပြင်ဘက် ရာသီဥတု
အပူချိန်နဲ့ အစည်းအဝေးခန်းမတွင်း အအေးတို့ကို တစ်ချိန်တည်းမှာ တိုက်ရိုက်ထိတွေ့မှုက
အနည်းငယ်သတိထားရမယ့် အချက်ပါပဲ။
သက်ကြီးပိုင်း ကိုယ်ခံ ရောဂါရှိနေသူတွေ သတိထားသင့်တဲ့ ကျန်းမာရေး လိုအပ်ချက်တွေပါ။
ဒီလို နိုင်ငံတော်အဆင့်နေရာကြီးမှာ အရေးပေါ် လူနာတင်ကားကလည်း အဆင့်သင့် မရှိသေးတာ
ပါဘဲ။
နိုင်ငံတော်သမ္မတကြီးရဲ့ ပုံဖော်မှုတစ်ခုဖြစ်တဲ့ ဗုဒ္ဓဂဟာကို ပုံတူပွား တည်ထားကိုးကွယ်တဲ့
သတ္တသတ္တာဟစေတီတော်မြတ်ကြီးကလည်း နယ်လှည့် ဘုရားဖူးတွေနဲ့ စည်ကားစပြုနေပါပြီ။
ထီးတော်တင်၊ ဌာပနာသွင်း အထွတ်အမြတ်ပူဇော်ပွဲတွေကို တောတောင်တွေခြံရံနေတဲ့ မြို့ပြတွေနဲ့
အလှမ်းဝေးပေမယ့် ဗုဒ္ဓပူဇော်ပွဲတွေ ဆင်နွှဲချိန်မှာတော့ တောင်ကုန်းတွေပေါ်ထိလူတွေ ပြည့်လို့
လာရောက်ဖူးမြော်နေကြတာပါ။
ပျဉ်းမနားမြို့နဲ့နီးတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကတော့ ပွဲတော်ချိန်များ မဟုတ်လည်း
စည်ကားလို့နေပါတယ်။
ဘုရားဖူးကားတွေရော အနီးဝန်းကျင်က ပြည်သူတွေက စေတီတော်ကြီးနဲ့ ဆင်ဖြူတော်တွေကို
လာရောက် ဖူးမြော်ကြည့်ရှုနေတာက ရုံးပိတ်ရက်တွေဆို ကလေး၊ လူကြီး အစုံပေါ့။
အဲဒီ စေတီတော်ကြီးဆီ ပျဉ်းမနားမြို့ ဘက်က အလာမှာလည်း တောင်ကုန်း ဟိုဘက်သည်ဘက်
တစ်လျှောက် စေတီတော်လေးတွေ၊ တောရဘုန်းတော်ကြီး ကျောင်းတွေနဲ့ မြင်ကွင်းရှင်းရှင်းနဲ့
ဖူးမြော်နိုင်တဲ့ တစ်ဖက်ခြမ်းတောင်ထိပ်က ဗောဓိပက္ခယ ထိုင်တော်မူ ရုပ်ပွားတော်ကြီး၊ နိုင်ငံတော်
အကြီးအကဲ တချို့တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားငါးဆူစေတီတော်တို့ကိုလည်း ဖူးမြော်နိုင်ပါတယ်။
နေပြည်တော်ရဲ့ တိုးတက်နေတဲ့ ပုံရိပ်တွေကလည်း မနည်းမနောပါပဲ။
အဆင့်မြင့် ဟိုတယ်ဇုန် ၂ ၊ ဥတ္တရသီရိမြို့နယ်က ရှော့ပင်းကွန်ပလက်မှာ ဈေးဝယ် စင်တာကြီးတွေ၊
အမှတ်တရပစ္စည်း ဆိုင်တွေ၊ စားသောက်ဆိုင်ကြီးတွေက ကြိုလင့်လို့ပါ။
ယခုအချိန်မှာတော့ လူဦးရေ နည်းလွန်းသေးတဲ့ မြို့တော်က နောင်ငါးနှစ် နောက်ပိုင်းမှာတော့
စည်းကားလာနိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပါတယ်။
သီရိမြို့နယ်သစ်ကြီးတိုင်းကတော့ မြို့နယ်ဖွဲ့စည်းပုံတွေအတိုင်း စနစ်တကျ ဖော်ထားတဲ့ မြေကွက်
တွေ၊ အဆင့်မြင့်ဈေးကြီးတွေ၊ မြို့နယ်အဆင့် ဆေးရုံ၊ စာသင်ကျောင်းနဲ့တကွ အဆင့်ဆင့်ပုံဖော်လို့
နေပါတယ်။
နေပြည်တော် မြို့တော်ကြီးရဲ့ ပုံရိပ် ဖြစ်တဲ့ ကွန်ကရစ်လမ်းမကြီးတွေမှာလည်း နိုင်လွန်ကတ္တရာတွေ
ထပ်ပိုးခင်းနေတာတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။
ရုပ်သံတင်ဆက်မှုတွေမှာတောင် ဆီးဂိမ်းလာကစားသမားတွေက နေပြည်တော်ရောက်ရင်
နေမင်းကြီး နဲ့ပိုနီးလို့ ပိုပူတယ်လို့ ကွန်ကရစ်ပေါ် နိုင်လွန်ကတ္တရာ ထပ်ခင်းတာကို ဟာသ
အရွှန်းဖောက်သွားတာလေးတွေလည်း ကြားသိရပါတယ်။
တစ်လက်စတည်း ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းနေသေးတဲ့ လူငယ်တွေ၊ တစ်နိုင်ငံလုံးမှာ
ဒဏ်ငွေအများဆုံးဖြစ်နေတဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု တစ်မှုအတွက် ကျပ် ၅၁,၅၀၀
ပေးဆောင်ရမှု၊ တချို့သောမော်တော်ယာဉ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် (ထွက်ပြေးစဉ် ခြေထောက်ဖြင့်
ကန်) ဖမ်းဆီးမှုတွေကိုလည်း မကြာခဏ မြင်တွေ့နေရပါတယ်။
အမျိုးမျိုးအကျင့်စရိုက်ရှိတဲ့ ပြည်သူတွေ စည်းကမ်းလိုက်နာဖို့ ဒီသတ်မှတ်ချက် မဟုတ်တာလေး
တွေကို သက်ဆိုင်ရာက ပြန်လည် စဉ်းစားပေးစေချင်ပါတယ်။
သတ်မှတ်ထားတဲ့ ဒဏ်ငွေဆောင်မှုကလည်း သာမာန် ၀န်ထမ်းတစ်ဦးရဲ့ တစ်လလုပ်အားခနီးနီးပါပဲ။
လူအမျိုးမျိုး စရိုက်အမျိုးမျိုးပေမယ့် ဒီလူတွေကို ဖမ်းဆီးပြီး ပညာပေးနေတဲ့ ရှေ့ဆောင်လမ်းပြဖြစ်ရ
မယ့် ယာဉ်ထိန်း ရဲတချို့ရဲ့ ကိုယ်နှုတ်အမူအရာတွေက လည်းစံပြ ဖြစ်နေရပါမယ်။
နေပြည်တော် တည်ဆောက်ရေးတွေထဲက နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရေးကလည်း
အံ့မခန်းပါပဲ။
အစိုးရအဖွဲ့ရဲ့ အထူးစီမံကိန်းအဖွဲ့ ဆောင်ရွက်မှုကနေ ပုဂ္ဂလိက ဆောက်လုပ်ရေးနဲ့ ဟိုတယ်
လုပ်ငန်းရှင်တွေက လွှဲပြောင်း တာဝန်ယူခဲ့ကြတာကိုလည်း တွေ့မြင်နေရပါတယ်။
ဟိုတယ်လုပ်ငန်းရှင် တချို့ကလည်း ကုန်ကျမှု များပြားတဲ့ ထိန်းသိမ်းရမှုများပြားတဲ့ စရိတ်စက
တွေကို ကြိုတင်တွေးတော ပူပန်နေတာကို ကြားသိရပါတယ်။
တည်ဆောက်ရေး လုပ်ငန်းတွေအားလုံး မပြီးသေးသော်လည်း ဟိုတယ်အဆင့်မက နိုင်ငံတော်
ဧည့်ဂေဟာအသီးသီးကို ဒီဇင်ဘာလကုန်မှာ ဖွင့်လှစ်ပေးဖို့ သက်ဆိုင်ရာက တောင်းဆိုမှုတွေ
ကြောင့် အဆင့်မြင့်ဟိုတယ်ကြီးတွေ ဒီလထဲမှာပဲအသီးသီး ကမန်းကတန်း ဖွင့်လှစ်နေကြပါပြီ။
အထူးစီမံကိန်းကတော့ အဲဒီ ဧရိယာဝင်းအတွင်းက အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၁)
ကိုသာ အစိုးရက တာဝန်ယူ တည်ဆောက်နေပါတယ်တဲ့။
ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာလည်း လုံခြံုရေး အထူးတင်းကြပ်တဲ့ နိုင်ငံတော်
ဧည့်ဂေဟာအတွင်းက လမ်းလည် ကျွန်းပန်းပင်တွေ ရေလောင်းစဉ် ကုန်ကျစရိတ်ကလည်း
လွှတ်တော်အမတ်တွေအတွက် ထောက်ပြစရာ ဖြစ်ခဲ့ပါသေးတယ်။
ဘေးကပ်လျက်မှာရှိတဲ့ သံတမန်အိမ်ရာတွေမှာလည်း နိုင်ငံနှစ်ခုလောက်ကသာ လာရောက်ဝယ်ယူ
ထားပါတယ်လို့ သိရပါတယ်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ နှစ်ခုထဲက ပြီးခဲ့တဲ့ တစ်ခုကို တရုတ်ပြည်
ရဲ့ ထောက်ပံ့မှုနဲ့ တည်ဆောက်ပြီး တစ်ခုကိုတော့ အစိုးရက တည်ဆောက်ခဲ့တာပါ။
ဒီနှစ်ခုကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဆက်လက်ကြီးကြပ်ပြီး ပုဂ္ဂလိက ပွဲတွေ
ကိုလည်း အခကြေးငွေနဲ့ လက်ခံငှားရမ်းသွားမယ်လို့ သိရပါတယ်။
ဖြောင့်ဖြူးနေတဲ့ ကွန်ကရစ်လမ်းမကြီးတွေ၊ ပန်းပေါင်းစုံအဝိုင်းတွေနဲ့ နေပြည်တော်မြို့တော်ကြီး
လှပသာယာဖို့ တိုးတက်ဖို့ ဒီနယ်မှာနေထိုင်တဲ့ ပြည်သူတွေလည်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ကို ပူးပေါင်းပုံဖော်ဖို့ လိုအပ်နေပါတယ်။
သည်လိုကူးပြောင်းစဉ် ကာလအတွင်းမှာ အစိုးရလူကြီးတွေရော ပြည်သူတွေရော တစ်ဦးကို
တစ်ဦး ပြစ်တင်ပြောဆိုခြင်းထက်၊ အပြစ်ရှာခြင်းထက် အပြန်အလှန်နားလည်မှု ယုံကြည်မှုတွေနဲ့
တိုင်းပြည်တိုးတက်ဖို့ ပိုမိုစဉ်းစားကြမယ်ဆို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကအလှမ်းမဝေး
တော့ဘူးလို့ ယုံကြည်နေမိပါတယ်။
နှစ်သစ်ကူးပြောင်းချိန်မှာ မြန်မာပြည်သူ ပြည်သားတွေ ကိုယ်စိတ်နှလုံး ချမ်းမြေ့သာယာပါစေလို့
ဆုတောင်းရင်း အဟောင်းတွေကိုမေ့ အနာဂတ်ကို ပူးပေါင်းပုံဖော်ကြပါစို့လို့ တိုက်တွန်းရင်း။

















