ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့က ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်လမ်းပေါ်ရှိ တပ်တွင်းဓမ္မာရုံရှေ့မှ
ဗိုလ်ချုပ်ကြေးရုပ်အထိ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးသာချိုသည် ယခုလ ၆ ရက်နေ့က
မိမိသဘောဖြင့် ပျဉ်းမနားမြို့မရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်။
၎င်းအနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် '၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးပါ၊ ပုဒ်မ ၁၈
ဖျက်သိမ်းပစ်၊ နေပြည်တော်ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေး' စသည့်
စာသားများပါ၀င်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
"သူတို့က ကျွန်တော့်ကို အိမ်အထိလာခေါ်နေတာ၊ စိတ်အနှောင့်အယှက် ဖြစ်တယ်။ အဲဒါကြောင့်
လာပြီးရှင်းလိုက်တာ"ဟု ဦးသာချိုက ရဲစခန်းမှ စစ်ဆေးမေးမြန်းအပြီးတွင် ပြောသည်။
ဦးသာချိုသည် ဆန္ဒထုတ်ဖော်ပြီး နောက် ပဲခူးမြို့ရှိ ဆွေမျိုးများထံသို့ ခရီးထွက်သွားခဲ့ကြောင်း၊
ရဲများကလည်း ၎င်းအား ဆန္ဒထုတ်ဖော်သည့်နေ့ ညနေ ၃ နာရီတွင်ပင် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့်
စီတန်းလှည့်လည်ခြင်း ဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်းနှင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရဲများက ၎င်း၏
အိမ်သို့ လာရောက် မေးမြန်းမှုများရှိသည်ကို မိသားစုကလှမ်း၍ အကြောင်းကြားခဲ့သောကြောင့်
ပြန်ရောက်သည့်နေ့တွင် အဖမ်းခံခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ ရှေ့နေ ဦးခင်မောင်ဇော်က
မြန်မာတိုင်း(မ်) ကို ပြောသည်။
"အခု သူကိုယ်တိုင် ဥပဒေနဲ့ ရင်ဆိုင်မယ်ဆိုပြီး အဖမ်းခံတာပါ။ ၄ ရက်နေ့ ညနေ ၃ နာရီလောက်
ကပဲ သူ့အိမ်ကို ရဲတွေလာရှာတယ်။ သူက ကိစ္စရှိလို့ ခရီးထွက်သွားပြီး ပြန်ရောက်ရောက်ချင်းပဲ
လာအဖမ်းခံတာ"ဟု ၎င်းက ပြောသည်။
"အခြေခံ ဥပဒေပုဒ်မ ၂၈၅ နဲ့ ငြိစွန်းမှု ရှိတယ်ဆိုပြီး ဆန္ဒထုတ်ဖော်ခွင့် မပေးတာလို့ပြောတယ်၊
ကျွန်တော် အဓိက ဆန္ဒပြဖြစ်တာကလည်း အဲဒါတွေကို မကျေနပ်လို့ ပြဖြစ်တာ၊ လက်ရှိမှာလည်း
ကြိုက်တဲ့ တရားဥပဒေနည်းနဲ့ လာပါစေ ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးသား" ဟု ဦးသာချိုက ပြောသည်။
၎င်းသည် လွတ်လပ်စွာစည်းရုံးခွင့် နှင့် စုဝေးခွင့်ရှိသည်ဆိုကာ ဆန္ဒပြရန် မြို့နယ်ရုံးမှ နေပြည်တော်
ရဲချုပ်ရုံး အထိ နှစ်ကြိမ်တိုင်တိုင်သွားရောက် လျှောက်ထားသော်လည်း အကြောင်းလေးချက်ဖြင့်
အပယ်ခံခဲ့ရသည်ဟု သိရသည်။
"ကိုသာချိုက သက်ဆိုင်ရာအာဏာပိုင်တွေကို လေးစားတဲ့အနေနဲ့ ဆန္ဒပြဖို့အတွက် လုပ်ခွင့်ပြုပါ
ဆိုပြီး လျှောက်တယ်။ အဲဒါကို အကြောင်း လေးချက်နဲ့ ပြန်ပြီးတော့ပယ်တယ်။ အကြောင်း
လေးချက်ထဲမှာ သိပ်ပြီးတော့ မခိုင်လုံဘူး၊ ပထမအကြောင်းက အဲဒီလိုလုပ်ရင် လူတွေ နောက်က
လိုက်လာမယ်၊ နှောင့်ယှက်မယ်ဆိုပြီးပေါ့၊ အဲဒါက နိုင်ငံတကာမှာလည်းရှိတယ်၊ နှောင့်ယှက်တာက
နှောင့်ယှက်တဲ့ လူတွေရဲ့ အပြစ်ပေါ့ဗျာ။
"နောက်ပြီး သူကိုယ်တိုင်က လမ်းဘေးတစ်လျှောက်က ဆိုင်တွေ၊ အိမ်တွေကို ခဲနဲ့ပေါက်တာတို့
လုပ်ရင်ပေါ့၊ အဲဒီအချိန်ကျမှ တရားစွဲချင်စွဲပေါ့၊ ဒီအကြောင်းပြချက်နဲ့ လျှောက်တာကို တားတော့
မသင့်ဘူး၊ နောက်တစ်ခုက ၄ ရက်နေ့မှာ သက်ဆိုင်ရာက လွတ်လပ်ရေး လုပ်ဖို့ရှိတဲ့အတွက်ကြောင့်
ခွင့်မပြုဘူးဆိုတာလည်း သဘာဝမကျဘူး၊ စတုတ္ထအကြောင်းပြချက်ကတော့ ဆိုင်းဘုတ်မှာပါတဲ့
နေပြည်တော်ကောင်စီကို အရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရေးဆိုတာက အခြေခံဥပဒေပုဒ်မ
၂၈၅ နဲ့ ဆန့်ကျင်နေတဲ့ အတွက်ကြောင့် ခွင့်မပြုဘူး။ အဲဒီဥပဒေမှာ နိုင်ငံတော်သမ္မတက
နေပြည်တော် ကောင်စီဝင်တွေကို ရွေးချယ်ရာတွင် တင်မြောက်ပေးရမယ်၊ ရွေးကောက်ပေးရမယ်
ဆိုတာကိုလည်း မကြိုက်လို့ ပြောင်းပေးပါလို့ ကိုသာချိုက ပြောတယ်။
"ပြောင်းပေးပါလို့ ပြောတာနဲ့ပဲ အခြေခံဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး ခွင့်မပြုဘူးဆိုရင် မြန်မာ
တစ်ပြည်လုံးမှာလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရေးဆိုပြီး ဆန္ဒပြပွဲတွေလုပ်တာ၊
ဟောပြောပွဲတွေ လုပ်တာကိုလည်း အကုန်ပိတ်ရတော့မယ့် သဘောရှိတယ်။ ဒါသဘာဝမကျဘူး၊
သူဆန္ဒပြခွင့်လျှောက်တာကို ပယ်လိုက်တာလည်း သဘာဝမကျဘူး။ အဲဒါကြောင့် စွဲချက်က
မညီဘူးဖြစ်နေတယ်" ဟု ဦးခင်မောင်ဇော်က မြန်မာတိုင်း(မ်) ကို ပြောသည်။
ထိုကဲ့သို့ ခွင့်မပြုဘဲ ဆန္ဒထုတ်ဖော်ခြင်းအတွက် ပုဒ်မ(၁၈)ဖြင့် အရေးယူထားကြောင်း၊ တိုင်းအနေ
နှင့်လည်း ခွင့်မပြုကြောင်းနှင့် ထို့ကြောင့် တားဆီးရမည့် တာဝန်ရှိသည့်အတွက် တားဆီးခဲ့ခြင်းဖြစ်
သည်ဟု ပျဉ်းမနားမြို့နယ်မှူး ရဲမှူးသန်းမြင့်က ဆိုသည်။
"သူတကယ်လို့ ရပ်လိုက်မယ်ဆိုရင် အရေးယူဖို့ အစီအစဉ်မရှိပါဘူး၊ ဆက်လုပ်တဲ့အတွက်
အရေးယူတာပါ"ဟု ၎င်းက ပြောသည်။
ဦးသာချိုအား လက်ရှိစွဲချက်ကို ဇန်နဝါရီလ ၆ ရက်နေ့က ခံဝန်လျှောက်ထားချက်ဖြင့် အာမခံရရှိ
ထားသော်လည်း ဆက်လက်ပြီး တရားရင်ဆိုင်သွားရမည် ဖြစ်သည်။
"ဥပဒေမျက်စိအမြင်နဲ့ ပြောရရင် အခုသူ့ကို စွဲထားတဲ့ ပနံပါတ် ၆/ ၂၀၁၄ ရဲ့ အမှုပေါ့၊ ပုဒ်မက
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၈(ငြိမ်း၊ စု၊ စီ ၁၈)ဆိုပြီး ခေါ်ကြတာပေါ့၊
အဲဒါကို ခွင့်ပြုချက်မရဘဲနဲ့လုပ်ရင် ပုဒ်မ ၁၈ အရ တရားစွဲတယ်ပေါ့"ဟု ဦးခင်မောင်ဇော်က
ပြောသည်။
အဆိုပါအမှုကို ဥပဒေအထောက် အကူပြုအဖွဲ့အနေဖြင့် ပြီးဆုံးသည်အထိ ဦးသာချိုဘက်မှ အခမဲ့
လိုက်ပါ ဆောင်ရွက်ပေးမည်ဟု သိရသည်။
ဦးသာချိုသည် ၁၉၈၈ ခုနှစ်က နိုင်ငံရေးကြောင့် တောခိုကျောင်းသားဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်ခန့်တွင်
အလင်းပြန်ဝင်ခဲ့ကာ လက်ရှိတွင် ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ တွဲဖက်
အတွင်းရေးမှူး တာဝန်ယူထားသည်ဟု သိရသည်။

















