မဲဆန္ဒနယ် ရန်ပုံငွေတွေကို ဘယ်လို စီမံခန့်ခွဲကြမှာလဲ

မဲဆန္ဒနယ် ရန်ပုံငွေတွေကို ဘယ်လို စီမံခန့်ခွဲကြမှာလဲ

မသမာမှုများ၊ မဲဝယ်မှုများနှင့် စပ်လျဉ်း၍ စိုးရိမ်ရမှုများရှိနေကြကာ သမ္မတဦးသိန်းစိန် ကိုယ်၌ကပင်
အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ကြေညာထားသည့်ကြားမှပင် လွှတ်တော်ကိုယ်စားလှယ်များ
သည် ငွေကျပ် ၃၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၆၇ မီလျံ) ရှိ မဲဆန္ဒနယ် ရန်ပုံငွေ
အစီအစဉ်တစ်ခုကို ဆုံးဖြတ်စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်
ချထားကြသည်။

ရန်ပုံငွေအစီအစဉ်သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများတွင်စတင်ဆောင်ရွက်
ကြမည်ဖြစ်ကာ၊ လွှတ်တော်အမတ်များစွာတို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင်ထောက်ခံမှု
ရရှိစေရန် ရန်ပုံငွေကို အသုံးပြုသွားကြဖွယ်ရှိကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသုံးသပ်သူ
များက ပြောသည်။

"လွှတ်တော်ကိုယ်စားလှယ် အများစုက ရန်ပုံငွေကို သူတို့ရဲ့ နောက်ရွေးကောက်ပွဲစည်းရုံးရေး
အတွက် အသုံးပြုချင်နေကြတယ်"ဟု သမ္မတ၏ အဆိုကိုထောက်ခံသည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုလိုက်သည်။

"(လွှတ်တော်ကိုယ်စားလှယ်) အများစုက အခြေခံဥပဒေနဲ့ သူတို့ရဲ့ ဥပဒေပြုအာဏာအကြောင်းကို
ကောင်းကောင်းနားမလည်ကြဘူး။ ဒါ့ကြောင့် ဒီရန်ပုံငွေရမယ့် ကိစ္စအတွက် သူတို့ ၀မ်းသာနေကြ
တာပေါ့"ဟု ၎င်းက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ဒေါ်လာသောင်းပေါင်းများစွာ စီရရှိအသုံးပြုကြသည့်အတွက်
မဲဝယ်ယူမှုကိစ္စများဖြစ်ပေါ် လာမည်ကို စိုးရိမ်မကင်းဖြစ်ရကြောင်း လွတ်လပ်စွာနိုင်ငံရေးလေ့လာ
သုံးသပ်သူ ဦးကျော်လင်းဦးက ပြောသည်။

"ထိုင်းနိုင်ငံမှာ ကျွန်တော်နှစ်တွေ အကြာကြီးနေခဲ့တော့ အဲဒီမှာမဲဝယ်တာတွေနဲ့ ထိုင်းနိုင်ငံရေး
ပျက်စီးသွားပုံတွေကို ကျွန်တော် မြင်တွေ့ခဲ့ဖူးတယ်။ သမ္မတ၊ ဒါမှမဟုတ် အမှုဆောင်အဖွဲ့ဟာ ဒါနဲ့
ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြမှာ ကျွန်တော် ခံစားမိပါတယ်။ ဒါဟာ အခြေခံဥပဒေနဲ့ မညီညွတ်
ဘူးဆိုတာကို သမ္မတက တကယ်ယုံကြည်တယ်လို့တော့ ကျွန်တော်မထင်မိပါဘူး"ဟု ၎င်းက
ဆိုသည်။

ဧပြီလအတွင်း မြန်မာတိုင်း(မ်)တွင် ဖော်ပြခဲ့သည့်အတိုင်း ရန်ပုံငွေအစီအစဉ်သည် မြို့နယ်
တစ်မြို့နယ်ချင်းစီကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် ကျပ်
သန်း ၁၀၀ ခွဲဝေသတ်မှတ်ခဲ့သည်။

နေပြည်တော် ကောင်စီဘတ်ဂျက်အတွက် ကျပ် ၅၀ ဘီလျံဖြတ် တောက်ရာမှရရှိလာသည့်
ရန်ပုံငွေများကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက်
ခွဲဝေချထားသွားမည်ဖြစ်ကာ စီမံကိန်းတစ်ခုအတွက် အများဆုံး ကျပ်ငါးသန်း ပေးမည် ဖြစ်သည်။

ဤရန်ပုံငွေ အစီအစဉ်အတွက် အကြံ ဉာဏ်သည် သူရဦးရွှေမန်း အိန္ဒိယနိုင်ငံသို့ သွားရောက်
လည်ပတ်ခဲ့ပြီး ယင်းနိုင်ငံ၏ ဆန္ဒနယ် ရန်ပုံငွေအစီအစဉ်ကို မြင်တွေ့ခဲ့ရာမှ ပေါ်ပေါက်လာခြင်း
ဖြစ်သည်ဟု ဆိုကြသည်။

ဤလအစောပိုင်း၌ သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး
လွှတ်တော်ကိုယ်စားလှယ်များသည် အကြွင်းမဲ့အာဏာကို ကျင့်သုံးသွားကြဖွယ် ရှိသည့်အတွက်
ကြောင့် မဲဆန္ဒနယ်ရန်ပုံငွေသည် အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း သတိပေးခဲ့သည်။

သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များသည် သတိပေးချက်ကို လျစ်လျူရှုရန်နှင့် အစီအစဉ်ကို
ဆက်လက် ဆောင်ရွက်ရန် သဘောတူညီထားကြကာ၊ မြို့နယ်ပေါင်း ရ၀ သည် ရန်ပုံငွေအစီအစဉ်
အရ ရန်ပုံငွေ လက်ခံထားကြပြီးဖြစ်သည်ဟု မြန်မာတိုင်း(မ်)က နားလည် သဘောပေါက်ထားပါ
သည်။

သမ္မတသည် သတိပေးခဲ့သည့်တိုင် ၎င်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီမှ
လွှတ်တော်ကိုယ်စားလှယ် အများစုပင်လျှင် ရန်ပုံငွေအစီအစဉ်ကို ထောက်ခံကြသည့်အတွက်
ယင်းကိစ္စကို အခြေခံဥပဒေခုံရုံးသို့ တင်သွားဖွယ်မရှိဟု ယုံကြည်မိကြောင်း ဦးရဲထွန်းက ပြောသည်။

လွှတ်တော်၏ အဋ္ဌမအစည်း အဝေးအတွင်း ရန်ပုံငွေအစီအစဉ်အတွက် ဥပဒေကြမ်းကို မဲခွဲခဲ့စဉ်က
တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များကသာလျှင် ဆန့်ကျင်မဲ ပေးခဲ့ကြသည်။

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က အစိုးရဘက်မှ
ဒေသခံပြည်သူများအတွက် လုံလောက်စွာထောက်ပံ့ပေးခြင်း မရှိသည့်အတွက် ရန်ပုံငွေအစီအစဉ်
သည်လိုအပ်ကြောင်း ပြောသည်။

"အစိုးရရန်ပုံငွေက လောက်မှ မလောက်တာ။ ပြီးတော့ အစိုးရအရာရှိတွေဟာ နေရာတိုင်းမှာ
မရှိကြဘူး။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ မြို့နယ်တိုင်းက မဲဆန္ဒနယ်တစ်ခုချင်းစီ
မှာရှိနေကြတယ်လေ။ သူတို့ကပဲ ပြည်သူတွေနဲ့ ထိတွေ့ပြောဆိုနေကြပြီး ရွာတွေက အခြေအနေ
တွေနဲ့ ဘာတွေလိုအပ်တယ်ဆိုတာကို သိကြတာ။

"သမ္မတကို ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့ ဒီအကြောင်းကို လွှတ်တော်ထဲမှာ
ဆွေးနွေးခဲ့ကြပြီး၊ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားကြမယ်လို့ သဘောတူညီပြီးကြပါပြီ" ဟု
ဦးအေးမောက်က ပြောသည်။

သို့ရာတွင် ရန်ပုံငွေများကို မည်သို့မည်ပုံ စီမံခန့်ခွဲမည်ဆိုခြင်းနှင့် မှန်မှန်ကန်ကန်အသုံးချရေးအတွက်
အာမခံချက်မည်မျှ ရှိမည်ဆိုခြင်းများအတွက် စိုးရိမ်စရာများလည်း ရှိနေသည်။

ဥပဒေအရ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် လေးဦး (အမျိုးသားလွှတ်တော်နှင့် ပြည်သူ့
လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များမှ
ကိုယ်စားလှယ် နှစ်ဦး)တို့က ထောက်ခံရမည့် ထိုထိုသောစီမံ ကိန်းများကိုရွေးချယ်အပြီး ကျေးရွာ
(သို့) ရပ်ကွက်ကော်မတီများက 'မြို့နယ်ထောက်ပံ့ရေးကော်မတီ'ထံသို့ စီမံကိန်းအကြံဉာဏ်များ
ကိုတင်ပြရမည်ဖြစ်သည်။

ထို့နောက် အဆိုပြုထားသည့် စီမံကိန်းစာရင်းများကို အတည်ပြုရေးအတွက် လွှတ်တော်သို့ တင်ပြ
လျှောက်ထားအပြီး ရန်ပုံငွေများကို ခွဲဝေချထားကာ ဘဏ်စာရင်း တစ်ခုတွင် ထည့်သွားမည်
ဖြစ်သည်။

ထောက်ခံရေးကော်မတီသည် စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကန်ထရိုက်တာတစ်ဦး
ကို ရွေးချယ်ကာ လုပ်ငန်းပြီးစီးချိန်တွင် ကန်ထရိုက်တာကို ငွေပေးချေရမည်ဖြစ်သည်။

"လွှတ်တော်ကိုယ်စားလှယ်တွေဟာ စီမံကိန်းရွေးခွင့်၊ လုပ်ငန်းပြီးရင်စစ်ဆေးခွင့်နဲ့ အဆင်ပြေရင်
ငွေပေးဖို့အတွက်ပဲ အခွင့်အရေး ရှိတာပါ" ဟု ဦးရဲထွန်းက ပြောသည်။

ဥပဒေတွင် ခိုင်မာပြီး အလွန်တင်းကျပ်သည့် စည်းကမ်းချက်များ ပါ၀င်သည့်တိုင် ငွေများကိုဖြုန်းတီး
မည့်အရေးအတွက် စိုးရိမ်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ပါတီများနှင့် ဦးစားပေးမှုများ မတူညီသည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့ရှိရာ မြို့နယ်များ
တွင် ပဋိပက္ခများ ပေါ်ပေါက်နိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာတွင် မဲဆန္ဒနယ်ရန်ပုံငွေသည် ခြစားမှုများအတွက် သတင်းခေါင်းကြီးများဖြစ်လေ့ရှိကာ၊
မကြာမီကပင်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည်။

ဖိလစ်ပိုင်လွှတ်တော်အမတ်များသည် အမေရိကန်ဒေါ်လာ ၁၃၅ သန်းကို အတုအယောင်
အင်န်ဂျီအိုအဖွဲ့များထံပေးသည်ဟု စွပ်စွဲခံရအပြီး မဲဆန္ဒနယ်ရန်ပုံငွေ အစီအစဉ်ကိုဖျက်သိမ်းရန်
ဩဂုတ်လအတွင်းက သောင်းပေါင်းများစွာသော လူများသည် မနီလာမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့
ကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ရှေ့နေများသည် ဒေါ်လာသန်း ၂၂၀ ကျော်မျှ ခိုးယူသည်ဟု စွပ်စွဲခံထား
ရသူ နိုင်ငံ၏ အကောက်ခွန်အရာရှိအကြီးအကဲအပါအဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှစ်ဦး
ကို ရာဇဝတ်မှုစွဲချက်များဖြင့် အရေးယူရန် ထောက်ခံခဲ့ကြသည်။

သို့ရာတွင် မဲဆန္ဒနယ်ရန်ပုံငွေ၏ မလိုလားအပ်သည့် ရလဒ်များသည် မသိလိုက်မသိဘာသာ
လှိုက်စားတတ်ကြောင်း နိုင်ငံတကာ ဘတ်ဂျက်ပါတနာအဖွဲ့ကြီးက ပြောသည်။

ရန်ပုံငွေအစီအစဉ်များသည် အာဏာကွဲပြားခြင်း၊ အစိုးရဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို
ချည့်နဲ့စေခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်ဆက်ဆံရေးကို ထိခိုက်စေခြင်းများ
ဖြစ်စေကြောင်း အဆိုပါအဖွဲ့ကြီးက ဆိုသည်။

အစီအစဉ်အရ ရန်ပုံငွေများကို ချထားပေးရာတွင် လိုအပ်ချက်ကို လျစ်လျူရှုကာ မြို့နယ်များ
အကြား အညီအမျှခွဲတမ်းချပေးသည့်အခါ မလိုလားအပ်သည့် ရလဒ်များသည် ပိုမိုဆိုးရွားလာရ
ကြောင်း အဖွဲ့ကြီး၏ ၂၀၁၀ စာတမ်းအကျဉ်းတွင် ဖော်ပြထားသည်။

"မဲဆန္ဒနယ် ရန်ပုံငွေအစီအစဉ်များသည် မူရင်းကတည်းကပင် စနစ်များချည့်နဲ့နေသည့် နိုင်ငံများရှိ
၀န်ဆောင်မှုပေးခြင်းများနှင့် တာဝန်ခံမှုစနစ်များကို မလိုလားအပ်သည့် ဖိအားများပေးကြောင်း
ထင်ရှားသည့် သက်သေသာဓက များရှိသည်။ ဆင်းရဲသည့် နိုင်ငံများသည် ဤအစီအစဉ်များ
ဖော်ဆောင်ခြင်းထက် ဥပဒေပြုလွှတ်တော်အာဏာကို ပိုမိုခိုင်မာစေရေးနှင့် ဗဟို အစိုးရ၏
လုပ်ပိုင်ခွင့်အာဏာများကို သက်ဆိုင်ရာဒေသအစိုးရများထံ ပိုမိုပေးခြင်းတို့ဖြင့်သာ ဆောင်ရွက်သင့်
သည်"ဟု ဆိုသည်။

အစီအစဉ်ကို ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့တွင်အတွေ့အကြံု လုံးဝ
မရှိသေးကြောင်း ၀န်ခံပြောဆိုကြသော်လည်း ယင်းအစီအစဉ်သည် မဲဆန္ဒရှင်များကို အကျိုးများ
စေမည်ဟုမျှော်လင့်ကြောင်း ပြောကြားထားသည်။

"ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးအတွေ့ အကြံုပါ။ တကယ်တမ်းက ကျွန်တော်တို့ဟာ ဒီကျပ်
သန်း ၁၀၀ ထက် ပိုပြီးလိုအပ်ပါတယ်။ ဒါဟာ မြို့နယ်တိုင်းအတွက် အနည်းဆုံးပါပဲ" ဟု
ဦးအေးမောက်က ပြောသည်။

ဦးကျော်လင်းဦးက အတန်အသင့်နည်းပါးသည့် ကျပ် သန်း ၁၀၀ ကန့်သတ်ချက်သည် ရန်ပုံငွေ
အစီအစဉ် အလုပ်ဖြစ်မဖြစ် အခြေအနေများကို စမ်းသပ်ရန်အတွက် စီစဉ်ထားခြင်းဖြစ်ဖွယ်ရှိသည်
ဟု ဆိုသည်။

"အစီအစဉ်ကို ဘယ်လို အကောင်အထည်ဖော်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်း ဟာ
နည်းနည်း စိုးရိမ်မကင်းဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်ပဲ အနည်းအကျဉ်းလေးတွေ
ကိုလုပ်ဖို့ သူတို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒါဟာ ပထမဆုံးအကြိမ်လေ။ ဒါကြောင့် ဒီငွေတွေကိုသုံးရင်း
အတွေ့အကြံုယူမယ်၊ နောက်တော့မှ ငွေပမာဏကို သူတို့တိုးကြလိမ့်မယ်" ဟု ဦးကျော်လင်းဦးက
ပြောသည်။

ဇော်ဝင်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး