မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့် ရရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက်
လုံခြံုရေးဆောင်ရွက်မှုများ၌ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)၏ အကူအညီဖြင့် နယ်စပ်
ဂိတ်များ၊ နိုင်ငံတွင်းဝင်ရောက်နိုင်သည့် ဂိတ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူကာ လုံခြံုရေး
စိစစ်လျက်ရှိကြောင်း ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ်ဝင်းခေါင်က မြန်မာတိုင်း(မ်)မေးမြန်းသည်ကို
ပြောကြားသည်။
"အင်တာပိုရဲ့ ဒေတာဘဏ်မှာ အကြမ်းဖက် စာရင်းတွေ အသေးစိတ်ရှိတယ်။ ဒီမှာ အဲဒီအကူအညီ၊
စက်ပစ္စည်းအကူအညီတွေနဲ့ ၀င်လာတာ ဖြတ်လိုက်တာနဲ့ တန်းသိတယ်။ ခုချိန်ကတည်းက
နိုင်ငံတွင်းဝင်လာနိုင်တဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းစတာတွေရော အောက်လမ်းတွေ
ကနေ ၀င်မလာနိုင်အောင် ဘက်ပေါင်းစုံကနေ လုံခြံုရေးတွေကို တင်းကျပ်ထားပါတယ်"ဟု ၎င်းက
ပြောသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်သည့် လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းစသည့် နယ်ခြားဂိတ်များ
တွင် အင်တာပိုဒေတာဘဏ်၏ အကူအညီ အချိန်ပြည့် နည်းပညာအကူအညီဖြင့် စစ်ဆေးလျက်
ရှိသည်ဟု သိရသည်။
ထို့ပြင် အင်တာပို၏ အကူအညီဖြင့် ဖောက်ခွဲရေးသမားများ၊ အကြမ်းဖက်သမားများ၊ နာမည်ပျက်
စာရင်းဝင်သူများ စာရင်းများကိုရယူပြီး စိစစ်တင်းကျပ်ထားသည်။
ပြည်ပ အဆင့်မြင့်အရာရှိကြီးများအပြင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သူများ အားလုံးကို
လုံခြံုရေးအပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးခန်းမများ၊ တည်းခိုမည့်
ဟိုတယ်များ၊ နိုင်ငံတော် ဧည့်ဂေဟာများ၊ သံတမန်များ လည်ပတ်နိုင်သည့် ခရီးစဉ်များ
တစ်လျှောက် လုံခြံုရေးကို ပြည်တွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့
(အင်တာပို)၏အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်တွင်ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်(ငပလီ၊ သံတွဲ)စသည့် နေရာများတွင် ကျင်းပ
သွားမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးများတွင် နယ်မြေရဲတပ်ဖွဲ့များ အပါအဝင် လုံလောက်သည့်အင်အားဖြင့်
၀န်ဆောင်မှုပေးမည်ဟု ရဲမှူးချုပ်ဝင်းခေါင်က ဆိုသည်။
"ပမာဏတော့ မပြောတော့ဘူး။ လုံလောက်တဲ့အင်အားနဲ့ အဆင့်မြင့်နည်းပညာ ပစ္စည်းကိရိယာ
တွေနဲ့ လုံခြံုရေးအပြည့်ပေးသွားမှာပါ။ အဆင့်မြင့်အရာရှိကြီးတွေက ကိုယ်ပိုင်လုံခြံုရေးတွေ
ပါလာမယ်ဆိုလည်း ပေါင်းစပ်ညှိနှိုင်းပြီး ပိုကောင်းမွန်တဲ့လုံခြံုရေးကို ဆောင်ရွက်မှာပါ။ လုံခြံုရေး
ပါလာတယ်ဆိုပြီး ဒီအတိုင်း လွှတ်မထားပါဘူး"ဟု ၎င်းက ပြောသည်။
လုံခြံုရေးစက်ပစ္စည်းများဖြစ်သည့် မိုင်းရှာ ကိရိယာများ၊ X-ray စက်များ၊ Walk Through စက်များ၊
လုံခြံုရေး ကင်မရာများကို ကြိုတင်တပ်ဆင်ပြီး လုံခြံုရေးဆောင်ရွက်မည် ဖြစ်သည်။
"လုံခြံုရေးဆိုတာမှာ အစည်းအဝေးလုပ်တဲ့ နေရာမှာသာမက တည်းခိုတဲ့နေရာ၊ အလည်အပတ်
ခရီးစဉ်၊ လေဆိပ်လုံခြံုရေး၊ ခရီးစဉ်တစ်လျှောက်လုံခြံုရေး၊ ၀င်လာနိုင်တဲ့ နေရာတိုင်းက လုံခြံုရေး
တွေကို ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

















