မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မြို့နယ်ငါးမြို့ နယ်တွင် မတ်လမှစတင်ပြီး ကြက်ငှက်တုပ်ကွေး
ရောဂါကာကွယ်ရေး ပညာပေးလုပ်ငန်း စီမံကိန်းကို အမေရိကန် အကူအညီပေးရေးအဖွဲ့အစည်း
(USAID)နှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆရာဝန်အသင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးတွဲ
လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း တိရစ္ဆာန်ဆရာဝန်များအသင်းမှ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ
ကိုကိုကြီးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုမြို့နယ်ငါးခုမှာ ပြင်ဦးလွင်၊ အမရပူရ၊ စဉ့်ကိုင်၊ ပျော်ဘွယ်နှင့် တံတားဦးမြို့နယ်တို့ ဖြစ်ပြီး အဆိုပါ
ဒေသရှိ မြိုနယ် တိရစ္ဆာန်ဆရာဝန်များနှင့် ဒေသရှိမွေးမြူရေး လုပ်သားများကို ကြက်ငှက်တုပ်ကွေး
ရောဂါကာကွယ်ရေး၊ ဇီဝ လုံခြုံရေးပညာရပ်များကို သင်တန်းပို့ချပေးမည် ဖြစ်သည်။
စက်တင်ဘာလတွင် အဆိုပါ သင်တန်းများကိုအပြီးသတ်မည်ဖြစ်သည်။
"ဘာဖြစ်လို့ ကျွန်တော်တို့ မြို့နယ်တွေကို ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးသင်တန်း
လုပ်ဆောင်ရတာလဲဆိုတော့ ဒီဒေသတွေဟာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းမှာဖြစ်တဲ့အတွက်
ရောဂါဖြစ်ပြီဆိုရင် မြန်မာနိုင်ငံအနှံ့ကို ပျံ့နှံ့နိုင်တဲ့အတွက် မဖြစ်ခင်ထိန်းချုပ် ကာကွယ်နိုင်ဖို့
လုပ်ဆောင်ရခြင်းဖြစ်ပါတယ်" ဟု ဒေါက်တာကိုကိုကြီးက ပြောသည်။
လတ်တလော မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး
ဗိုင်းရပ်ပိုးအသစ် H7N9 ကြောင့် လူသေဆုံးမှုများ ရှိနေသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း
ကြက်ငှက်တုပ်ကွေးရောဂါပိုးကို စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေကြောင်း ဒေါက်တာ
ကိုကိုကြီးက ပြောသည်။
၂၀၁၃ ခုနှစ်၊ မတ်လတွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုးအသစ်က လူကို ကူးစက်ခံရခြင်းကို စတင်
တွေ့ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ကမ္ဘာကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ
အဆိုပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၉၄ ဦးရှိပြီး သေဆုံးသူ ၅၃ ဦးရှိသည်ကို တွေ့ ရသည်။
တရုတ်နိုင်ငံ၌ ကြက်ကောင်ရေ ၄ ဒသမ ၈ ဘီလျံရှိပြီး၊ ပထဝီဝင် အနေအထားအရ အာဖဂန်
နစ္စတန်၊ ဘူတန်၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး အဆိုပါ နိုင်ငံများများမှာလည်း မြန်မာနိုင်ငံ
နှင့် ထိစပ်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း တရားဝင်
သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးချေ။
ကြက်ငှက်တုပ်ကွေးရောဂါသည် ငှက်ရိုင်း၊ အိမ်မွေးဘဲ၊ တိုင်းရင်းကြက်နှင့် စီးပွားဖြစ်ကြက် ခြံများသို့
အပြန်အလှန် ကူးစက်နိုင်ပြီး ထိုကြက်များမှ တစ်ဆင့် လူကိုကူးစက်နိုင်သည်။
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးကို ၂၀၀၇ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင်
စတင်တွေရှိခဲ့ပြီး နောက်ဆုံးအနေဖြင့် ၂၀၁၁ ခုနှစ်တွင် စစ်တွေဒေသမွေးမြူရေးခြံမှ ကြက်ငှက်
တုပ်ကွေး သံသယပိုးကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များတွင်ဖော်ပြထား
သည်။
















