ပျဉ်းမနားထောင် ဆူပူမှုအတွက် အချုပ်သား ၃၀ ကို တရားစွဲ

ပျဉ်းမနားထောင် ဆူပူမှုအတွက် အချုပ်သား ၃၀ ကို တရားစွဲ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ပျဉ်းမနားအချုပ်ထောင်တွင် ဖေဖော်ဝါရီလ
၁၅ ရက်နေ့က ဆူပူမီးရှို့မှုများဖြစ်ပွားအပြီး အချုပ်သား ၃၀ အား ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)၊ ပြစ်မှုပုဒ်မ ၂၉၄/၄၃၆/၁၁၄ တို့ဖြင့် သီးခြားစီ စွဲဆိုမှု၊ အမှုတွဲရှစ်မှု
ဖြင့်တရားစွဲဆိုထားသည်ဟု ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်က ပြောသည်။

"ဖြစ်ဖြစ်ချင်းနေ့မှာပဲ သူတို့ကို အမှုဖွင့်ထားပါတယ်။ ဒီလို ဆူပူမှု ထပ်မံမဖြစ်ပွားအောင်လည်း
အချုပ်ထောင်မှာ ထားသင့်တဲ့အချုပ်သား အရေအတွက်ပဲ ချန်ထားပြီး နေ့တွင်းချင်း ရမည်းသင်း
အချုပ်ထောင်ကို လွှဲပြောင်းလိုက်ပါတယ်။ ခုလောလောဆယ်ပုဒ်မ လေးခုနဲ့ ထပ်ဖွင့်ထားတယ်။
အထက်က ညွှန်ကြားမှု ထပ်ရှိမယ်ဆိုရင်တော့ အမှုထပ်ဖွင့်သွားမှာပါ"ဟု ၎င်းက ပြောသည်။

ပျဉ်းမနားအချုပ်ထောင်ဆူပူမှုတွင် ပြစ်မှုကြီး လူသတ်မှုဖြင့် အချုပ်ကျခံနေရသည့် တရားခံကို
အချုပ်ခန်းပြောင်းစဉ် သံကြိုးဖြုတ် သောင်းကျန်းမှုကြောင့် ရဲတပ်ဖွဲ့ဝင်က ရိုက်နှက်သည်ဟုဆိုကာ
မတရားမနှိပ်စက်ရန် တရားခံက အော်ဟစ်သဖြင့် အခြားအချုပ်ခန်းမှ တရားခံများ ဆူပူမှုစတင်
ဖြစ်ပွားပြီး လေးနာရီကြာမှ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆူပူမှုဖြစ်စဉ် နှစ်ကြီးအချုပ်သားများက အဝတ်အစားများ၊ စာစောင်များဖြင့် မီးရှို့ခြင်း၊
သော့ခလောက်များကို ဖျက်ဆီးခြင်း၊ အုတ်နံရံများကို ဖျက်ဆီးခြင်းများ ဆောင်ရွက်သည့်အတွက်
မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ များဖြင့် ဖမ်းဆီးထိန်းချုပ်ခဲ့ရသည်ဟု သိရသည်။

ဆူပူမှု အဓိကဖြစ်ပွားစေခဲ့သည့် အချုပ်သား ၃၀ ကို အမှုထပ်မံ စွဲဆိုခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းချုပ်စဉ် သေနတ် ၁၇ ချက် ပစ်ဖောက်ထိန်းသိမ်းခဲ့ရသည်ဟု ရဲတပ်ဖွဲ့ မှ သိရသည်။

အခင်းမဖြစ်ပွားမီက အကျဉ်းသား ၂၈၂ ဦးကို ထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားပြီးနောက်
အချုပ်သား ၁၇၈ ဦးကို ရမည်းသင်း အကျဉ်းထောင်သို့ လွှဲပြောင်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး