သုံးနှစ်ကျော်လာသော်လည်း လယ်သမားအရေး မပြေလည်သေး

သုံးနှစ်ကျော်လာသော်လည်း လယ်သမားအရေး မပြေလည်သေး

လွှတ်တော် သက်တမ်း သုံးနှစ်ကျော်ရှိနေပြီး ဖြစ်သော်လည်း လယ်ယာမြေသိမ်းဆည်းမှုများ ခံစား
နေရသည့် လယ်သမားအရေးပြဿနာမှာ မပြေလည်သေးသည့်အပြင် ပိုမိုဆိုးရွားလာသည်ဟု
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီမှ အလုပ်သမားကိုယ်စားလှယ်
ဦးရဲနိုင်ဝင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

"တကယ်တော့ လွှတ်တော်သက်တမ်းက သုံးနှစ်ကျော်လာပါပြီ၊ လယ်သမားပြဿနာက
မပြေလည်သေးတဲ့အပြင် တဖြည်းဖြည်းနဲ့ ပိုပြီးဆိုးရွားလာပါတယ်၊ အဲဒီအတွက် လွှတ်တော်ရဲ့
ဥပဒေပြုမှုအပေါ်မှာ အစိုးရကလည်း ထိထိမိမိ အကောင်အထည်ဖော်ဖို့လိုတယ်၊ လွှတ်တော်နဲ့
အစိုးရက တကယ်လက်တွဲပြီးတော့ လယ်သမားတွေရဲ့ နစ်နာမှုတွေကို ထိထိမိမိလုပ်ဖို့လည်း
လိုတယ်၊ လွှတ်တော်ထဲမှာ ဆွေးနွေးနေရုံနဲ့ မပြီးသေးပါဘူး"ဟု ၎င်းက ဆိုသည်။

"လွှတ်တော်မှာ တင်ထားတဲ့ မြေသိမ်းအမှုတွဲပေါင်း ၅,၈၅၈ မှုရှိတယ်၊ အဲဒီအထဲမှာမှ ၄၂၃ မှုကို
ရှင်းပြီးပါပြီလို့ လွှတ်တော်ထဲမှာ ပြောပါတယ်၊ ရှင်းပြီးပြီလို့ ဆိုသော်လည်း သက်ဆိုင်ရာ နယ်မြေ
တွေမှာ ဘယ်တောင်သူမှ ပိုင်တာ မရသေးပါဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက
ပြောထားတယ်"ဟု လယ်သမားနှင့် အလုပ်သမားရေးရာများကူညီဆောင်ရွက်ပေးသူများ ကွန်ရက်
(F.N.I)မှ နေပြည်တော်တာဝန်ခံ ဦးကျော်ဆွေလတ်က ဆိုသည်။

"မြေယာပြဿနာနဲ့ ပတ်သက်ပြီး လွှတ်တော်က ဆောင်ရွက်နေတာတွေကတော့ သဘောကျစရာ
ရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ပြည်သူကို ကိုယ်စားပြုဖို့ ကြိုးစားနေကြ
တာပါ၊ အဲဒါတွေကို အကောင်အထည် ဖော်ဖို့အတွက် လယ်ယာမြေ စုံစမ်းရေးကော်မရှင် ဖွဲ့ထား
တယ်၊ ဒါပေမဲ့ အဲဒါက ကန့်သတ်ချက်တွေ များတယ်၊ ဒါကြောင့် အကောင်အထည်ပေါ် မလာတာ
တွေရှိတယ်၊ အခုလည်း အစိုးရစီမံကိန်းကြောင့် လျော်ကြေးပေးတာတွေရှိသလို ပိုနေတဲ့မြေတွေ
ရှိတယ်၊ အဲဒါတွေကိုလည်း ပြန်ပေးတာမတွေ့ဘူး"ဟု နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
မှ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးခင်မောင်ဇော်က ဖေဖော်ဝါရီလ ၂၅ ရက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)မှ (၃)အရ
မြေယာ ကိစ္စအမှုပေါင်း ရ၄၅ မှုအနက် အပိုင်း(၁)တွင် ၅၆၅ မှု၊ မြေဧက ၃၂၁,၅၆၇ ဒသမ ၄၉၈ ဧက
ရှိပြီး၊ အပိုင်း(၂)တွင် ၆၃ မှု၊ မြေဧက ၅၃,၂၁၆ ဒသမ ၀၁၄ ဧကနှင့် အပိုင်း (၃)တွင် ၁၁၇ မှု၊ မြေဧက
၁၃၇,၄၂၁ ဒသမ ၁၈၉ ဧကရှိသည်ဟု ဖော်ပြထားသည်။

အထက်ပါ ရ၄၅ မှုသည် ယခင်အစိုးရအဆက်ဆက်ကာလ နှစ်ပေါင်း ၅၀ အတွင်းက ဖြစ်ပေါ်ခဲ့သည့်
ဖြစ်ရပ်များဖြစ်သည်ဟုလည်း လယ်ယာ မြေစုံစမ်း ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ သိရှိရပြီး
မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မ တီအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိ
ဖြေရှင်းပြီးစီးမှုအရ မြေဧရိယာ ၃၃၄,၅၉၃ ဒသမ ရ၀၃ ကို အစိုးရက အကြောင်းရင်း ခိုင်မာ၍
စွန့်လွှတ်ခြင်း မပြုသော်လည်း လျော်ကြေးများပေးပြီးဖြစ်သည်။

မြေဧက ၅,၈၇၂ဒသမ ၆၅ ဧကကို တစ်စိတ်တစ်ဒေသစွန့်လွှတ်သည့်မြေယာများအဖြစ် ပြန်လည်
ပေးအပ်ခဲ့ကြောင်း၊ မြေဧက ၅,၆၅၅ ဒသမ ၁၃ ဧကကို လုံးဝစွန့် လွှတ်သည့်မြေယာများအဖြစ်
ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ မြေဧရိယာ ၃,၈၃၀ ဒသမ ၉၁ ဧက မှာ ဌာနဆိုင်ရာများက သိမ်းယူခဲ့
ခြင်းမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက တည်ဆဲဥပဒေများ နှင့်အညီ လျှောက်ထားရယူခဲ့သည့်
မြေယာ များဖြစ်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် အငြင်းပွားသည့် မြေယာများဟူ၍
သတ်မှတ်ထားပြီး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီက အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းပေးခဲ့
သော်လည်း ယနေ့အထိဖြေရှင်း မရသောကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရန် သက်ဆိုင်သူများ
သို့ အကြောင်းကြားထားကြောင်း သိရသည်။

လယ်ယာမြေပြဿနာများကို ထိရောက် မြန်ဆန်စွာဖြေရှင်းနိုင်ရေးအတွက် ဒုတိယ သမ္မတ
ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မကို ဖွဲ့စည်းထားပြီးဖြစ်သည်။

ထို့ပြင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မြေအသုံးချမှု
စီမံခန့်ခွဲရေး ကော်မတီရုံးများ ဖွင့်လှစ်ထားသည့်အတွက် ပြန်လည်စွန့်လွှတ်သည့်မြေများကို
မြေသိမ်းဆည်းခံရသူများက ပိုင်ဆိုင်မှု အထောက်အထားပြ၍ လျှောက်ထားနိုင်ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး