၀န်ကြီးဌာနများမှ ၀န်ထမ်းများ စွမ်းဆောင်ရည်တိုးတက်ရန် ဂျာမန်ဖောင်ဒေးရှင်း ကူညီ

၀န်ကြီးဌာနများမှ ၀န်ထမ်းများ စွမ်းဆောင်ရည်တိုးတက်ရန် ဂျာမန်ဖောင်ဒေးရှင်း ကူညီ

ဂျာမနီနိုင်ငံရှိ Friedrich Ebert Stiftung (FES) ဖောင်ဒေးရှင်းက နိုင်ငံခြားရေးဝန်ကြီးဌာန
အပါအဝင် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်း နှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့မှ ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်အောင်
ကူညီပေးသွားမည်ဖြစ်သည်။

"တကယ်တော့ ဒီဖောင်ဒေးရှင်းက ၂၀၀၄ ခုနှစ်လောက်ကစပြီး ကူညီခဲ့တာပါ၊ လက်မှတ်ရေးထိုး
ဖြစ်တာက အဓိကကတော့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ နိုင်ငံဖြစ်လို့
ပိုမိုနားလည်လာပြီး အကျိုးတူပူးပေါင်းဆောင်ရွက်တာပါ"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ
မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က ဖေဖော်ဝါရီလ ၂၇ ရက်
နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အဆိုပါဖောင်ဒေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှု စာချွန်လွှာကို ဖေဖော်ဝါရီလ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံရုံးခွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၌ တရားဝင်ဖွင့်လှစ်ခဲ့ပြီး
ရုံးခွဲရှိလာသည့်အတွက် အဆိုပါ၀န်ကြီးဌာန သုံးခုအပြင် အခြားသော ၀န်ကြီးဌာနများကိုလည်း
ကူညီထောက်ပံ့မှုများ ပေးနိုင်ဖွယ်ရှိသည်ဟု ဦးညွန့်မောင်ရှိန်က ပြောသည်။

Friedrich Ebert Stiftung (FES) ဖောင်ဒေးရှင်းကို ဂျာမနီနိုင်ငံသမ္မတဟောင်း တစ်ဦးက
တည်ထောင်ထားခြင်းဖြစ်ပြီး ဒီမိုကရေစီ စနစ်သို့ ဦးတည်လျှောက်လှမ်းသည့် နိုင်ငံများ အားလုံးကို
ကူညီပေးနေသည့်အဖွဲ့ ဖြစ်သည်။

"အခုဒီနိုင်ငံက ရုံးခွဲမှာ Country Manager တစ်ယောက်ထားထားပါတယ်၊ အရင်က ဒီမှာ
တရားဝင်ရုံးခွဲဖွင့်လို့မရတော့ မလေးရှားရုံးခွဲကလာပြီး ကူညီထောက်ပံ့မှုတွေ လုပ်ရတယ်၊
သင်တန်းပို့ချတာ၊ အလုပ်သမားသမဂ္ဂဖွဲ့ဖို့တို့ကိုလည်း ကူညီပေးမယ်" ဟု ဦးညွန့်မောင်ရှိန်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး