အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ရန် ပြင်ဆင်

အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ရန် ပြင်ဆင်

ဥရောပသမဂ္ဂ (န့)၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန (Myanmar
Crisis Response Centre - MCRC) တည်ထောင်ပြီးပါက အမြင့်ဆုံး အာဏာပိုင်များသို့ တိုက်ရိုက်
ဆက်သွယ်ပေးသွားနိုင်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက မတ်လ
၁၂ ရက်နေ့က ပြောကြားသည်။

"မြန်မာအရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟို ဌာနတည်ထောင်ပြီးပါက ၂၄ နာရီ သီတင်းတစ်ပတ်လုံး
အထောက်အကူပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင်များသို့လည်း တိုက်ရိုက်
ဆက်သွယ်ပေးသွားနိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အရေးပေါ်အခြေအနေများတွင် အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာနသည် အာဆီယံလူသားချင်း
စာနာမှုဗဟိုဌာနနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများရှိ အလားတူ အရေးပေါ်အခြေအနေ တုံ့ပြန်မှု
ဗဟိုဌာနများနှင့်လည်းကောင်း ချိတ်ဆက်ကာ ဆက်သွယ်မှုများ ပြုလုပ်သွားနိုင်မည်ဟုလည်း
ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောသည်။

အဆိုပါဌာန တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း ကြီးမားသည့် အရေးပေါ်
အခြေအနေများ ကြံုတွေ့လာပါက စဉ်ဆက်မပြတ် သတင်းအချက်အလက်များ ရရှိရေးနှင့်
အရေးပေါ်အခြေအနေ တုံ့ပြန်မှု၊ ဖြစ်ပေါ်နေသည့် အခြေအနေများသိရှိနိုင်မှုနှင့် ကြိုတင်သတိ
ပေးသည့်စနစ် စသည့် နယ်ပယ်များတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု
ခိုင်မာစေရန်၊ အာဆီယံ ဒေသအတွင်းရှိ အာဆီယံလူသားခြင်း စာနာမှု ဗဟိုဌာနနှင့်အခြားအရေးပေါ်
တုံ့ပြန်မှုဗဟို ဌာနများအပြင် အရေးပေါ်ကိစ္စရပ်များပေါ်ပေါက်လာပါက ဆက်သွယ်ဆောင်ရွက်
ပေးနိုင်ရန်တို့ ဖြစ်သည်။

"MCRC ထူထောင်နိုင်ခြင်းဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအပေါ် သက်ရောက်မှု ရှိနိုင်သော
ကိစ္စရပ်များအပါအဝင် သဘာဝ နှင့် လူ့ပယောဂကြောင့် ဖြစ်ပေါ်သည့် အရေးပေါ် အခြေအနေများ
ဆိုင်ရာ တိကျ၊ မှန်ကန်၊ ပြည့်စုံသည့် သတင်းအချက်အလက်များအားပေးနိုင်ရန်အတွက် အဓိက
ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွက် အရေးပါပြီး အလွန်အားထား
ရသောဌာနကြီး တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်"ဟု ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဆိုသည်။

ဌာနတည်ထောင်ရန်အတွက် သမ္မတဦးသိန်းစိန်က ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဥရောပ
သမဂ္ဂတို့အကြား အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ပူးပေါင်းရေးဆိုင်ရာ သဘောတူညီချက်
တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

"EU အနေနဲ့ MCRC ကို မေလ ဒါမှမဟုတ် ဇွန်လလောက်မှာ ဖွင့်ပေးနိုင်အောင် အထူးပဲကြိုးစား
သွားမှာပါ "ဟု ဥရောပသမဂ္ဂမှ မစ္စတာ ရော်နယ်ဂျူနီယာက ပြောသည်။

"အရေးပေါ်အခြေအနေဆိုတာ အမျိုးမျိုးရှိပါတယ်၊ ဥပမာပြောရရင် သဘာဝဘေးအန္တရယ်ကြောင့်နဲ့
ဗုံးခွဲတာ၊ မိုင်းဗုံးထောင်တာတွေဆိုရင် လူကြောင့်ဖြစ်တာပေါ့၊ အဲဒီလိုအခြေအနေမျိုးတွေဆိုရင်တော့
သမ္မတအပါအဝင် အဖွဲ့အစည်းတစ်ခုခုက အမြင့်ဆုံးပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်တာပါ"
ဟု မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဌာနထူထောင်ရန်အတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၀န်ကြီးဌာန ခုနစ်ခုမှ သင်တန်းသားဦးရေ
၄၀ ခန့်အား မြန်မာနိုင်ငံအရေးပေါ် အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်မှုလုပ်ငန်းခွင်သင်တန်း
ကို နေပြည်တော်တွင် မတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ဒုတိယအကြိမ်မြောက်အဖြစ် ဖွင့်လှစ်
ပို့ချခဲ့သည်။

ရုံးကို အမှတ် (၃၈)၊ အမှတ်(၂)လျှပ်စစ်စွမ်း အားဝန်ကြီးဌာနတွင် ထူထောင်သွားမည်ဖြစ်ပြီး
ကွန်ပျူတာ၊ အင်တာနက်နည်းပညာအခြေခံ နှင့် အင်္ဂလိပ်စာ အသင့်အတင့် ကျွမ်းကျင်မှု ရှိသော
ရဲတပ်ဖွဲ့ဝင်အရာရှိများကို ရွေးချယ် တာဝန် ပေးအပ်သွားမည်ဖြစ်သည်။

"လိုအပ်တဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးသွား
မှာ ဖြစ်ပါတယ်"ဟု ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး