ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက် နေပြည်တော်၌ ဖွင့်လှစ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက် နေပြည်တော်၌ ဖွင့်လှစ်

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက်ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မတ်လ
၁၄ ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

အဆိုပါစာကြည့်တိုက်ကို ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ ၂၀ ခန့်ကို စာဖတ်ရှိန်မြှင့်တင်သည့် အနေဖြင့်
ပြည်သူများထံသို့ စာအုပ်များအရောက်ဖတ်ရှုနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု
ပရောဂျက်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းက ပြောသည်။

"ဒါကအခမဲ့ပါ၊ ပုံမှန်ဆိုစာကြည့်တိုက်က ပြည်သူတွေဆီကို မရောက်နိုင်ဘူး၊ အခုလို
လုပ်လိုက်တော့ စာကြည့်တိုက်ဆီလာစရာမလိုဘဲ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ပါတယ်၊ နောက်ပြီး
ပုဗ္ဗသီရိမြို့နယ်က ရွာတွေများတဲ့အတွက်လည်း အဓိကထားပြီး လုပ်ဖြစ်တာပါ၊ နေပြည်တော်မှာ
ရုံးဖွင့်ဖို့ အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နေရာရွေးနေတုန်းပဲ"ဟု ၎င်းက
ပြောသည်။

"တခြားမြို့နယ်တွေကို တိုးချဲ့ဖို့အတွက်က ပုဗ္ဗသီရိမြို့နယ်က အောင်မြင်မှုအနေအထားကိုကြည့်ရ
မှာပါ၊ ကာလသတ်မှတ်ချက် မရှိပါဘူး၊ အောင်မြင်ရင် အောင်မြင်သလို ဆက်ပြီး တိုးချဲ့သွားမှာပါ"ဟု
၎င်းက ပြောသည်။

ကလေးမှ လူကြီးအထိဖတ်ရှုနိုင်သည့် သုတ၊ ရသ၊ ဘာသာရေးနှင့် အသိပညာဖွံ့ဖြိုး တိုးတက်
စေမည့် စာအုပ်ပေါင်း ၈,၀၀၀ ဖြင့်လည်ပတ်သွား မည်ဖြစ်ပြီးတစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့် အချိန်
နှစ်ပတ် ငှားရမ်းပေးမည်ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်၏ ပထမစီမံချက်အဖြစ် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်း
ဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ပထမဆုံးဖွင့်လှစ်ခဲ့ပြီး ကျေးရွာ ၂၂ ရွာ လျာထားခဲ့ရာမှ လက်ရှိ၌
ခုနစ်လအတွင်း ကျေးရွာပေါင်း ၃၃ ရွာအထိရောက်ရှိ အောင်မြင်နေသည်ဟု ဒေါက်တာ
သန့်သော်ကောင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ဖြင့် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းအား ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးများကို အထောက်အကူ ပြုရေးအတွက်
ရည်ရွယ်ချက်ထားကာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့တွင် အစိုးရထံမှ တရားဝင်ခွင့်ပြုချက် ရရှိထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး