ဘင်းမ်စတက်ကြောင့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးလာနိုင်

ဘင်းမ်စတက်ကြောင့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးလာနိုင်

မဟာ မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကဲ့သို့ မြန်မာနိုင်ငံ ပါ၀င်ထားသော အခြား
ဒေသခွဲ ပူးပေါင်းမှုတစ်ခုဖြစ်သည့် ဘင်္ဂလားပင်လယ်အော် ဒေသခွဲ ပူးပေါင် ဆောင်ရွက်မှု အဖွဲ့သည်
သက်တမ်း ၁၇ နှစ်အတွင်း ထိပ်သီးအစည်းအဝေး သုံးကြိမ်သာ ကျင်းပခဲ့ပြီး လှုပ်ရှားမှု နည်းပါးရာမှ
မတ်လ ၃ ရက်၊ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပသည့် တတိယအကြိမ် ထိပ်သီး
အစည်းအဝေးမှ စ၍ ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်မည်ဟု ကြေညာခဲ့သည်။

အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့ ပါ၀င်သော ဘင်္ဂလား
ပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းမ်စတက်)အဖွဲ့
အနေဖြင့် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး
အပါအဝင် ဦးစားပေးကဏ္ဍ ၁၄ ခု တွင် ပူးပေါင်းမှု မြှင့်တင်ရန် ထုတ်ပြန်ခဲ့ရာ အဆိုပါ မြှင့်တင်မှုမှ
မြန်မာနိုင်ငံအတွက် အထွေထွေ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့ တွင်မြန်ဆန်စွာ
အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ
ဦးလှမြင့်ဦးက ပြောသည်။

"ဘင်းမ်စတက်ကလည်း ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အဖွဲ့အစည်းပဲ။ အာဆီယံ လိုပါပဲ။
ဒီ ပူးပေါင်းဆောင်ရွက်မှုကနေ ခရီးသွားလာရေးလုပ်ငန်း နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေမှာ
လက်တွေ့ သိသိသာသာ တိုးတက်နိုင်မယ့် အနေအထားတွေရှိတယ်လို့ ကျွန်တော် ယူဆပါတယ်"
ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း အဖွဲ့မှ တစ်ဆင့် အနောက်ဘက်ရှိ အိမ်နီးချင်း
နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် ခိုင်မာလာနိုင်ကြောင်းလည်း ဦးလှမြင့်ဦးက ပြောသည်။

"အာဆီယံနဲ့ ပတ်သက်ပြီးတော့ လာအိုတို့၊ ထိုင်းတို့နဲ့ ဆက်ဆံရေး ရှိနေတာပေါ့။ ဘင်္ဂလားဒေ့ရှ်နဲ့
အိန္ဒိယကလည်း ကျွန်တော်တို့ အနောက်ဘက် နယ်နိမိတ်မျဉ်းကြောင်း တစ်လျှောက်မှာ
ရှိနေတာကိုး၊ အဲဒီတော့ အနောက်ဘက်က အိမ်နီးနားချင်း နိုင်ငံတွေနဲ့လည်း မိတ်ဝတ်မပျက်
ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားရှိပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ဘင်းမ်စတက်ဗီဇာ အစီအစဉ်နှင့် ဘင်းမ်စတက် ဗီဇာ
ကင်းလွတ်ခွင့် အစီအစဉ်တို့မှတစ်ဆင့် ခရီးသွားလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးနှင့် ပြည်သူ
အချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာချက်တွင်
ဖော်ပြထားရာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စများကိုမူ သတိပြု ဆောင်ရွက်ရန် လိုကြောင်း
ကျွမ်းကျင်သူများက ပြောသည်။

"ဗီဇာကင်းလွတ်ခွင့်က အခုကမ္ဘာမှာ တော်တော်များများ ပျံ့နှံ့လာတဲ့ အယူအဆ တစ်ခု ဆိုတော့
သိပ်ပြီးတော့ ကန့်ကွက်လို့ မတော်ဘူး။ ဒါကတော့ globalization ခေတ်နဲ့ လိုက်လျောညီထွေ
ဖြစ်တဲ့ ဟာပဲ။ သို့သော် တစ်ခု သတိပြုရမှာက လူဦးရေအကြီးဆုံးနိုင်ငံကြီးနှစ်ခု ကြားထဲမှာ
ရောက်နေတယ်ဆိုတော့ ဗီဇာ ကင်းလွတ်တာနဲ့ ကျွဲကူးရေပါ လူဝင်မှုကြီးကြပ်ရေး လွဲတာမျိုး
ဖြစ်သွားရင်တော့ နည်းနည်း အန္တရာယ်ရှိတယ်"ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာ ကျော်ဝင်း
က ပြောသည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဗီဇာကင်းလွတ်ခွင့်
အပါအဝင် ခရီးသွားလုပ်ငန်း တိုးတက်ရေး အစီအစဉ်များ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု
များကို သတိထားရန် လိုအပ်ကြောင်း ပြောသည်။

"ခရီးသွားလုပ်ငန်းမှာတော့ စီးပွားရေး တိုးတက်မှုကို အခက်အခဲ ဖြစ်စေမယ့် အခက်အခဲတွေ
အကုန်လုံးကို ဖြေလျှော့တာပေါ့။ ပိုပြီး လွယ်ကူလေ၊ ခရီးသွားလို့ ပိုကောင်းလေ၊ စီးပွားရေး လုပ်လို့
ပိုကောင်းလေပေါ့။ သို့သော် social impact တွေကတော့ နောက်က ကျွဲကူးရေပါ လိုက်တာပဲ။

"အဲဒါကိုတော့ တာဝန်ရှိတဲ့ သူတွေက စောင့်ကြည့်ပြီး အနည်းဆုံး ဖြစ်အောင်တော့ လျှော့ချ
ရမှာပေါ့။ သတိထားဖို့ လိုတာတော့ သေချာတယ်"ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်မှ လွဲ၍ ကျန်ခြောက် နိုင်ငံမှ အကြီးအကဲများ တက်ရောက်ခဲ့သည့် ယခု
ထိပ်သီး အစည်းအဝေးမှ အဖွဲ့ဝင် နိုင်ငံများအတွင်း အကြမ်းဖက်ဝါဒနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု
များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်းရန်၊ အဖွဲ့ဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီးပွားရေး
တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဆိုပါ ပူးပေါင်းမှုများ
အဆင်ပြေ သွက်လက်ရန် အတွင်းရေးမှူးချုပ်ရုံး စတင် တည်ထောင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ
မြို့တွင် အခြေစိုက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတွင် သီရိလင်္ကာနိုင်ငံမှ မစ္စတာဆုမစ်နာကန်ဒါလာက ပထမဆုံး အတွင်းရေးမှူးချုပ်အဖြစ်
ဆောင်ရွက်မည်ဖြစ်သည်။

ဘင်းမ်စတက် အဖွဲ့ကို ၁၉၉၇ ခုနှစ်၊ ဇွန်လတွင် ဘန်ကောက်မြို့၌ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊
သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BISTEC) အဖြစ် ဖွဲ့စည်းခဲ့ပြီး
မြန်မာနိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာတွင် မြန်မာနိုင်ငံက တင်းပြည့် အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး အမည်ကို
ဘင်းမ်စတက် (BIMSTEC) အဖြစ် ပြောင်းလဲခဲ့သည်။

၂၀၀၄ ခုနှစ်တွင် နီပေါနှင့်ဘူတန်နိုင်ငံ ၀င်ရောက်ခဲ့ပြီး ယင်းနှစ် သီရိလင်္ကာနိုင်ငံတွင် ကျင်းပသည့်
ပထမအကြိမ် ထိပ်သီးအစည်း အဝေးမှအဖွဲ့ကို လက်ရှိ အမည်ကို Bay of Bengal Initiative for
Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဟု ပြောင်းလဲ
သတ်မှတ်ခဲ့သည်။

ဥက္ကဋ္ဌ တာဝန်ကို နိုင်ငံ အက္ခရာစဉ်အလိုက် အလှည့်ကျ တာဝန်ယူပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်မှ
စ၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပြီးခဲ့သည့် တတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင်
နီပေါနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး