ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတိုင်မီကာလဖြစ်တဲ့နေ ပြည်တော်လို့ ဖြစ်မလာခင်က မြို့ပြဆိုင်ရာ ရုပ်လုံးနဲ့
ဆယ်စုနှစ် တစ်ခုအလွန် အခုအခါမှာ တွေ့ရတဲ့ နေပြည်တော်ရုပ်လုံးက မယုံနိုင်လောက်အောင်
ကွာခြားခဲ့ပြီဖြစ်သလို သူ့ရဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်အပြောင်းအလဲကလည်း အနိမ့်၊ အမြင့်များစွာ
ဖြတ်သန်းခဲ့ရပါပြီ။
၂၀၀၅ ခုနှစ်က ကျပ် သုံးသိန်းခန့် သာရှိတဲ့ မြေ ကွက်တစ်ကွက်က ၂၀၀၇ ခုနှစ်က စတင်ပြီး
၁၅ သိန်းမှ သိန်းရာ၊ ထောင်နဲ့ ချီရှိခဲ့ပြီး တစ်ဟုန်ထိုးတက်ခဲ့တဲ့ အိမ်၊ ခြံ၊ မြေဈေးကွက်က
၂၀၁၁ ခုနှစ်မှာတော့ ငြိမ်သက်သွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ ယခုနှစ်ရောက်သည်အထိ ပြန်လည်သက်ဝင်လှုပ်ရှား
လာပြန်ပါတယ်။
ထင်သာမြင်သာပြောရရင် လူအများစိတ်ဝင်စားတဲ့ ပျဉ်းမနားမြို့က ရာဇဌာနီလမ်းမတန်းဆိုရင်
၂၀၁၂ ခုနှစ်က ကျပ်သိန်း နှစ်ထောင် အထက်မှာရှိခဲ့ရာက ၂၀၁၄ ခုနှစ်မှာတော့ အမြင့်ဆုံး
ကျပ်သိန်း ၁,၈၀၀ အထိရှိနေပေမယ့် အငှားများပြီး အဝယ်ပါးနေသေးတယ်။
"ရောင်းတဲ့သူတွေဘက်က အရင်ဈေးကို သိပြီးသားဖြစ်တဲ့အတွက် သိန်း ၂,၂၀၀ နဲ့ ၂,၅၀၀
လောက်များရမလားဆိုပြီး စောင့်ကြည့်ကြတဲ့ အနေအထားပေါ့"လို့လည်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊
မြေအသင်းရဲ့ နေပြည်တော်ရုံးခွဲမှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က သုံးသပ်ထားပါတယ်။
အခြားမြို့နယ်များရဲ့ မြေဈေးနှုန်းတွေအရ ကြည့်မယ်ဆိုရင်တော့ ဒက္ခိဏသီရိမြို့နယ်က လမ်းမတန်း
မှာ ပေ ၈၀ ပတ်လည်နဲ့ ၁၀၀ ပတ် လည်မြေကွက်တစ်ကွက်ကို နေရာ၊ အကျယ် အဝန်းပေါ်
မူတည်ပြီး ယခင်က အနည်းဆုံး သိန်း ၃၅၀ နဲ့ သိန်း ၁,၅၀၀ အထိရှိခဲ့ရာမှ ယခု ကျပ်သိန်း ၂၀၀ မှ
၁,၂၀၀ အထိရှိနေပါတယ်။
ဇမ္ဗူသီရိမြို့ နယ်ထဲက ကြက်ပြေးရွာကို အမည်ပြောင်းကာ ရပ်ကွက်အဆင့်တိုးမြှင့်ထားတဲ့
သပြေကုန်းရပ်ကွက်မှာလည်း ပေ ၆၀ ပတ်လည်မြေကွက်ကို ယခင်က အတွင်းပိုင်းကို သိန်း ၈၀၀
နဲ့ ၁,၀၀၀ အကြား၊ လမ်းမတန်း သိန်း ၄,၀၀၀ နဲ့ ၅,၀၀၀ အကြားရှိခဲ့ရာမှ ယခု အတွင်းပိုင်းက
သိန်း ၅၅၀ မှ ၈၀၀ အထိရှိနေပြီး လမ်းမတန်းမှာတော့ သိန်း တစ်ထောင် အထက်မှာရှိနေပါတယ်၊
ယခင်က ၀ယ်သူနဲ့ ရောင်းသူတို့ ကြိုက်ဈေးတွေ့မှသာ အရောင်း၊ အဝယ်ဖြစ်ခဲ့တဲ့ ရွှေ့ပြောင်းရွာ
ငါးရွာ စုချပေးထားတဲ့ ရွှေကြာပင်ရပ်ကွက်မှာ ဆိုရင်လည်း ယခုအနေအထားအရ
အတွင်းဘက်ခြမ်း မြေကွက်တစ်ကွက်ကို သိန်း ၂၅၀ မှ လမ်းမတန်းက သိန်း ၈၀၀ ခန့် အထိ
ရှိနေတယ်။
ဥတ္တရသီရိမြို့နယ်ရဲ့ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်ကတော့ များသောအားဖြင့် အဆောက်အအုံနဲ့
တွဲရောင်း ကြတဲ့အတွက် ပေ ၈၀ ပတ် လည်နဲ့ ၁၀၀ ပတ်လည်မြေကွက်(အိမ်ပါ) တစ်ကွက်ကို
သိန်း ၈၅၀ နဲ့ ၁,၀၀၀ အကြားရှိ နေပြီး တောင်များဝန်းရံထားတဲ့ မြို့တစ်မြို့လည်း ဖြစ်လို့ ဆိတ်ငြိမ်
အေးချမ်းစွာနေထိုင်ချင်သူ တွေက စိတ်ဝင်စားလေ့ရှိကြသလို တောင်တန်းတွေရဲ့ တစ်ဖက်ခြမ်းမှာ
တည်ရှိတဲ့ ပုဗ္ဗသီရိမြို့ နယ်ဆိုရင်လည်း ပေ ၄၀ x ၆၀ နဲ့ ၈၀ ပတ်လည် မြေကွက်တစ်ကွက်ချင်း
ဈေးနှုန်းအရ နေရာ၊ အကျယ်အဝန်းနဲ့ အိမ်တွဲလျက် ပါ၊ မပါပေါ် မူတည်ပြီး အနည်းဆုံး သိန်း ၃၀ မှ
၈၀၀ ခန့် ဈေးပေါက်နေတဲ့အတွက် ၀ယ်လိုသူတွေ စိတ်ဝင်စားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
နေပြည်တော်မှာ အိမ်၊ ခြံ၊ မြေဈေးကွက်နဲ့ ပတ်သက်လို့ ထူးခြားတာက ဇေယျာသီရိမြို့ နယ်ပါ။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံအများဆုံးရှိပြီး အမျိုးသား
အထိမ်းအမှတ်ဥယျာဉ်၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ ဆာဖာရီနဲ့ တိရစ္ဆာန်ဥယျာဉ် စတဲ့
အထင်ကရနေရာတွေရှိသော်လည်း မြို့ကွက် ရိုက်ထားခြင်းမရှိတဲ့အပြင် ရေဆင်းဆည်ရေသောက်
ဧရိယာအတွင်းမှာ ရှိတဲ့အတွက် လယ်မြေများပြီး ယာမြေ နည်းနေတာကြောင့်နဲ့ နေပြည်တော်မြို့
အတွင်းပိုင်းနဲ့ အလှမ်းဝေးနေတာကြောင့် စိတ်ဝင်စားမှုနည်းနေတယ်လို့ သိရပါတယ်။
မြို့သစ် တစ်မြို့ချင်းအလိုက် သုံးသပ်ရရင်တော့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နေထိုင်သည့်
ပုဗ္ဗသီရိမြို့က ဈေးနှုန်းသင့်တင့်တဲ့အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး
ကပ်လျက်တည်ရှိသည့် ဥတ္တရသီရိမှာဆိုရင်လည်း နိုင်ငံတကာအဆင့်မီ အိုးရှင်းစူပါစင်တာကြီး
အပါအဝင်၊ ရန်ကုန် - မန္တလေး အမြန်လမ်းဘေးရှိ မြို့တစ်မြို့ဖြစ်နေတာကြောင့် ငွေကြေးတတ်နိုင်သူ
များနေထိုင် ရန်သင့်တော်သည့် နေရာများထဲမှ တစ်ခု ဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့မှာတော့ နိုင်ငံတကာအဆင့်မီ နေပြည်တော်လေဆိပ်၊ နိုင်ငံတော်ဧည့်ဂေဟာနဲ့
ဟိုတယ်ဇုန်များရှိတဲ့အပြင် စက်မှုဇုန် တည်ဆောက်ဖို့ လျာထားတဲ့အတွက်ကြောင့် လက်ရှိ
လူအများ စိတ်ဝင်စားခြင်းခံထားရတဲ့ နေရာတစ်ခုလည်း ဖြစ်သလို လက်ရှိဈေးကွက်အနေအထား
အရ ဇမ္ဗူသီရိမြို့နယ်ထဲက သပြေကုန်း၊ ရွှေကြာပင်၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းတိုးချဲ့
ကွက်သစ်နဲ့ ဒက္ခိဏသီရိ မြို့နယ်ဘက်တွေမှာ အဝယ်တွေ လိုက်နေပြီး ညှိနှိုင်းဈေးနှုန်းနဲ့ပဲ
အလုပ်ဖြစ်နေပါတယ်။
"နေပြည်တော် အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ခုနှစ်
တို့ထက်စာရင် အများကြီးတိုးတက်မှုတွေ ရှိလာတယ်၊ အခုလက်ရှိမှာ အရောင်းအဝယ်တွေ
နေရာစုံမှာ ဖြစ်နေတယ်၊ အငှားတွေကလည်း ကုမ္ပဏီအကြီးစားတွေ အကုန်ဝင်လာပြီ၊
ဆောက်လုပ်ရေးကုမ္ပဏီတွေဆိုရင် ထောင်နဲ့ သောင်းနဲ့ ချီပြီးတည်ဆောက်တဲ့ ကုမ္ပဏီအကြီးစား
တွေ ၀င်လာပါတယ်"လို့ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေအသင်း(နေပြည်တော်ရုံးခွဲ)မှ အတွင်းရေးမှူး
ဦးကျော်စွာမြင့်က ပြောပါတယ်။
"ပုဗ္ဗသီရီမြို့နယ်ကို အရောင်း၊ အဝယ်ခွင့်ပြုထားတာ တစ်နှစ်တောင် မပြည့်သေးဘူး၊ နောက်ပြီး
ကန့်သတ်ထားတဲ့ နယ်မြေအရမှာတော့ ဥတ္တရအထူးဇုန်(၁) (၂)၊ အဲဒီဇုန်တွေက အခု လက်ရှိ
အချိန်အထိ အရောင်း၊ အဝယ်လုပ်လို့ မရဘူး၊ ကျန်တဲ့ လူနေရပ်ကွက်တွေကတော့ ခွင့်ပြုထား
တယ်၊ ဒက္ခိဏမှာလည်း ၂၀၁၀" ၁၁က မြေကွက် စပြီးချပေးစဉ်ကာလတုန်းက ရောင်းခွင့်ပေး
မထားဘူး၊ ၂၀၁၂ ခုနှစ်အကုန်လောက်ကမှ ခွင့်ပြုပေးခဲ့တာ၊ ကျန်တဲ့မြို့နယ်တွေကတော့ ခွင့်ပြု
ထားပါတယ်၊ အဓိကကတော့ ၀ယ်ထားတဲ့သူတွေကို လူဦးရေတိုးပွားအောင် နေစေချင်တယ်၊
ပြီးတော့ ဈေးအရမ်းကြီးကစားမှာ စိုးတဲ့အတွက် ထိန်းပေးထားတဲ့ သဘောလည်းပါတယ်"လို့
၎င်းက ပြောပါတယ်။
"အခုလက်ရှိအနေအထားနဲ့ ဆိုရင် ပုဗ္ဗသီရိ က မြေတွေက ဈေးနှုန်းသင့်တင့်တဲ့အတွက် ၀ယ်လို့
ရတယ်၊ ဒါပေမဲ့ မြေဂရန်ပါနေလို့ မှတ်ပုံတင် စာချုပ်ကြီးချုပ်မှ ရမယ်၊ အခွန်တံဆိပ်ခေါင်းတွေ
ဆောင်ရမယ်၊ အဲဒါကြောင့် ၀ယ်သူတွေက နည်းနည်းလေးနောက်တွန့်သွားတယ်၊ ဒါက အဓိက
ကတော့ ၀န်ထမ်းတွေကို နေစေချင်တဲ့အတွက် ပေးထားတဲ့အကွက်တွေ ဖြစ်နေလို့ပါ"လို့
ဦးကျော်စွာမြင့်က ပြောပါတယ်။
"အရင်ကထက်စာရင် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်သလို၊ သင့်တင့်မျှတတဲ့
ဈေးနှုန်းနဲ့ အငှားတွေလည်းရှိတယ်၊ သင့်တင့်မျှတတယ်ဆိုရင် လူအများက စိတ်ဝင်စားတယ်၊
ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာ တစ်ခုအထိရှိသလို၊ နေထိုင်ရန်၊ စီးပွားရေးလုပ်ရန် ဒါမှမဟုတ်လို့ရှိရင်
လည်း လာပြီးအပန်း ဖြေကြတာတွေလည်း ရှိလာတယ် "လို့ ရွှေလက်ပံအိမ်၊ ခြံ၊ မြေ
အကျိုးဆောင်လုပ်ငန်းမှ ကိုအတီးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ရင်းနှီးမြှုပ်နှံသူအများစုက ရန်ကုန်နဲ့ မန္တလေးမြို့များက ဖြစ်ကြပြီး တောင်ကြီး၊ မော်လမြိုင်၊ မကွေး၊
ရေနံချောင်း၊ ပဲခူး စသည့် မြို့များမှလည်း ရှိကြပါတယ်။

















