သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် မှုခင်းများကို ချက်ချင်း အရေးယူစစ်ဆေးမည့် အထူးမှုခင်း
တရားရုံးများ ဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
"သင်္ကြန်ကာလအတွင်းဖြစ်တဲ့ မှုခင်းတွေကို ချက်ချင်းဖမ်းဆီးတရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ဖို့
အတွက် ဒီအထူးတရားရုံးတွေကို မြို့နယ်တွေမှာ ဖွင့်လှစ်ဆောင်ရွက်သွားမှာပါ"ဟု ရန်ကုန်တိုင်း
ဒေသကြီးအစိုးရ၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
"သက်ဆိုင်ရာကြီးကြပ်မှုနဲ့ မြို့နယ်တွေမှာ တရားရုံးတွေကို ဖွင့်လှစ်သွားမယ်။ ခရိုင်အလိုက်
ခရိုင်တရားသူကြီးတွေက ကြီးကြပ်ပြီး မြို့နယ်တရားသူကြီးတွေက အထူးတရားရုံးတွေကို
ဆောင်ရွက်ဖွင့်လှစ်သွားမယ်။ မြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးကတော့ ပင်တိုင်ပေါ့။
ကျန်တဲ့ မြို့နယ်တရားသူကြီးတွေကတော့ အလှည့်ကျ ဆောင်ရွက်သွားမှာပါ"ဟု
ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ပြောသည်။
ထို့ပြင် မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန် ခရိုင်ရဲတပ်ဖွဲ့မှူးများ ကြီးမှူးသည့် ကွပ်ကဲရေး
အဖွဲ့များက သိမ်ဖြူအားကစားရုံ၊ မြကန်သာနှင့် ပြည်လမ်းမပေါ်ရှိ အိုင်ဘီစီ အဆောက်အအုံတို့တွင်
စောင့်ကြည့် ကွပ်ကဲသွားမည်ဖြစ်သည်။
















